ဖာပွန်တွင် ပြဿနာထပ်ဖြစ်လျှင် တပ်မတော် တာဝန်ဟု KNU သတိပေး
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေဖြစ်သော ကရင်ပြည်နယ် မူတရော် (ဖာပွန်) ခရိုင် အတွင်း တပ်မတော်မှ တပ်အင်အား ထပ်မံတိုးချဲ့လှုပ်ရှားမှုနှင့် ပတ်သက်၍ ထပ်မံဖြစ်ပေါ်လာမည့် ပြဿနာနှင့် အကျိုးဆက်များကို တပ်မတော်မှ တာဝန်ယူရမည် ဖြစ်ကြောင်း KNU က ယနေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်၍ သတိပေးလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်၌ ဧပြီ ၃၀ ရက်မှ စတင်ပြီးတပ်မတော်မှ ဆက်လက်ပြီးတပ်အင်အားတိုးချဲ့ ပို့ဆောင်လာခြင်း၊ ဒေသခံလူထုများ၏ အသက်မွေးဝမ်းကျောင်းနေရာများဖြစ်သည့် လယ်ယာ၊ ရေနုတ်မြောင်း၊ တောင်ယာစသည့် နေရာများသို့ တပ်ဖြန့်လှုပ်ရှားလာသည့်အပြင် လမ်းဖောက်လုပ်ရန်အတွက် စက်ယန္တရားများကိုတိုးချဲ့ပို့ဆောင်ကာ တွေ့ဆုံညှိနှိုင်းမှုမပြုလုပ်ဘဲ မူလအစီအစဉ် အတိုင်းတဖက်သတ် ဆုံးဖြတ် လုပ်ဆောင်နေသည်ဟုဆိုသည်။
“လတ်တလော ဖာပွန်ဒေသတွင် တပ်မတော်မှ လမ်းဖောက်လုပ်ရေးအတွက် တပ်ရင်းသစ်များ ထပ်မံစေလွှတ်ခြင်းကြောင့် စစ်ရေး တင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းများကို အမြန်ဆုံး နှစ်ဖက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ မကျင်းပမှီ တပ်မတော်မှ လက်ရှိဆောင်ရွက်နေမှုများကို ဆက်လက် ဆောင်ရွက်ပါက မူတရော် ဒေသအတွင်း ဖြစ်ပေါ်လာသော ပြဿနာနှင့် အကျိုးဆက်များကို တပ်မတော်မှ တာဝန်ယူရမည် ဖြစ်သည်” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစစ်ရေးလှုပ်ရှားမှုများသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်ကို အလေးအနက် မထားခြင်း၊ ဆွေးနွေးဘက်ကို မလေးစားခြင်းကို ပြသရာရောက်ကြောင်း ထို့ကြောင့် KNU မှ တပ်မတော်၏ လုပ်ဆောင်မှုကို NCA ချိုးဖောက်မှု အဖြစ် အပြင်းအထန် ကန့်ကွက်သည်ဟု ဆိုသည်။
ခေးပူနှင့် လယ်မူပလော ဒေသတွင် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းများနှင့် တပ်မတော်တို့ အကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ဧရာဝတီသို့ ပြောသည်။
ပဒိုစောတာဒိုမှူး က “အခုက နေ့တိုင်းလိုလိုပဲ တိုုက်ပွဲတွေ ဖြစ်နေတာ။ သူတိုု့က လမ်းလုံခြုံရေးလိုမျိုး နေရာဖြန့်ခွဲလိုုက်တဲ့ အခါကျတော့ သူ့ဘက် ကိုယ့်ဘက် ဆိုတဲ့ပုံုစံမျိုး သတ်မှတ်ထားတဲ့ဟာကနေ ကျော်လွန်လာတဲ့အခါကျတော့ ဖြစ်တာပေါ့။ ရွာသားတွေကတော့ ပြေးကုန်တာပဲ။ မရှိတော့ဘူး။ ဧပြီလလယ်နောက်ပိုင်း သူတိုု့ ခဏပြန်ပီး ကြက်တွေ ဝက်တွေ အစာပြန်ကျွေးတာတော့ ရှိတယ်။ အခုက ပြန်ပြေးကုန်ကြပီ။ တောထဲပြန်သွားနေကြတယ်” ဟု ပြောသည်။
KNU သည် ပြဿနာများကို ငြိမ်းချမ်းစွာဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းနည်းဖြင့်သာရေရှည် တည်တံ့ခိုင်မြဲသောနားလည်မှု၊ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်နေသည့် ကာလတွင် မလိုအပ်ဘဲနားလည်မှု၊ ယုံကြည်မှုကို ပျက်ပြားစေမည့် ဆောင်ရွက်မှုများ၊ ရေရှည်အကျိုးကို ထိပါးစေမည့် လုပ်ဆောင်မှုများကိုရှောင်ကြဉ်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။
ကရင်ပြည်နယ်မူတရော(ဖာပွန်)ခရိုင် တပ်မတော်(၅) နယ်မြေအတွင်းခေးပူးနှင့် လယ်မူပလောဒေသတွင် ၂၀၁၈ ခုနှစ်၊ မတ်လဆန်းမှ စတင်၍ လမ်းဖောက်လုပ်ရေး ဆောင်ရွက်မှုနှင့်ဆက်နွှယ်သည့် တပ်မတော်မှ စစ်အင်အားတိုးချဲ့ပိုဆောင် လှုပ်ရှားမှုများကြောင့် ဖြစ်ပွားခဲ့သော ထိတွေ့မှုများကို ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကေ်ာမတီ (JMC-U) က ဆုံးဖြတ်ခဲ့ကြသည် ဟု KNU မှ ထုတ်ပြန်သည်။
ထိုဆုံးဖြတ်ချက်အရ တပ်မတော်နှင့် မိမိတို့၏ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်များ (MANT) အကြားမတ် ၂၉ ၊ ၃၀ ရက်တို့တွင် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပရန်ရှိသော်လည်း တပ်မတော်ဘက်မှ ထိုအစည်းအဝေးကို KNLA တပ်မဟာအမှတ် (၅) တပ်မဟာမှူး မပါဝင်ဟု အကြောင်းပြ ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။
လက်ရှိတွင် တပ်မတော် ၅ အပါအဝင် တပ်မတော် ၇၊ တပ်မတော် ၆၊ တပ်မတော် ၂ တို့၌ တပ်မတော်ဘက်မှ တပ်အင်အား ဖြည့်ဆည်း နေခြင်းကြောင့် စစ်ရေးတင်းမာနေကြောင်း KNLA ဘက်မှ ပြောသည်။
“အခုက သူတိုု့ (တပ်မတော်) မှာ ဗျူဟာ ၂ ဗျူဟာ တိုးလာတယ်။ တပ်ရင်းက ၆ ရင်းဆိုတော့။ တဗျူဟာမှာ တပ်ရင်း ၃ ရင်း ရှိတယ်။ ရှိနေကျကတော့ ပုံမှန်ဖြစ်တဲ့ စကခ တပ်တို့ တပ်မတိုု့က ရှိနေပီးသား ဖြစ်တယ်။ တပ်မဟာ ၅ ဂွင်ထဲမှာဖြစ်တာ။ ဟိုဘက် (တပ်မဟာ ၂၊ ၃) မှာတော့ ကျနော်တို့ ထိန်းထိန်း သိမ်းသိမ်းလုုပ်တယ်။ ဒါပေမယ့် တပ်တွေ ပိုုပြီးပို့လာတော့ ကျနော်တို့ စဉ်းစားစရာတော့ ဖြစ်တာပေါ့။ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ကိုု ပိုုပြီး အခွင့်ရေးယူတဲ့သဘောတွေဖြစ်လာတယ်” ဟု ပဒိုစောတာဒိုမှူး က ပြောသည်။
KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၌ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလက KNLA တပ်မှူးများ အစည်းအဝေးအပြီး နောက်ပိုင်း တပ်မတော်နှင့် KNU ကြားယုံကြည်မှုများ လျော့နည်းလာပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။