ရန်ကုန်မြို့သစ် စီမံကိန်းသည် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်က တိုင်းလွှတ်တော်၌ အတည်ပြုခဲ့သော စီမံကိန်း ဖြစ်သောကြောင့် လက်ရှိ လွှတ်တော်သို့ ထပ်မံတင်ပြရန် အစီစဉ်မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
မေလ ၉ ရက် ရန်ကုန်မြို့ Novotel Hotel တွင်ပြုလုပ်သော Yangon Investment Forum 2018 အခမ်းအနား သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများမှ ရန်ကုန်မြို့သစ် စီမံကိန်းအား တိုင်းလွှတ်တော်သို့ တင်ရန် ရှိ၊ မရှိ မေးမြန်းမှုကို ဝန်ကြီးချုပ် က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးဖြိုးမင်းသိန်းက “စီမံကိန်း မြေနေရာနဲ့ ပတ်သက်ပြီး မြေသိမ်းအမိန့် ထုတ်သည်အထိ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းက ထွက် ခဲ့တာဖြစ်ပြီး အခုက ဒုတိယ အစိုးရ သက်တမ်း ဒုတိယ အကြိမ် လွှတ်တော်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပထမ အကြိမ် လွှတ်တော်က အတည်ပြုထားချက်များကို ဒုတိယအကြိမ် လွှတ်တော်က လက်ခံ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ပြော သည်။
ကြည့်မြင်တိုင် တဖက်ကမ်း၌ ဖော်ဆောင်မည့် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် အစိုးရ လက်ထက် တိုင်းဒေသကြီး လွှတ်တော်တွင် ၃ ကြိမ် တိုင် ဆွေးနွေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ ကန့်ကွက်ခဲ့ သော်လည်း လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရသက်တမ်း၌ မြို့သစ်စီမံကိန်းအား လွှတ်တော်တွင် ဆွေးနွေးခဲ့ပုံကို “ဒီအခြေနေမှာ ဒေသခံ ပြည်သူလူထု ရဲ့ ဘဝက အတော်ဆင်းရဲပါတယ်။ သူတို့ လယ်ယာမြေရဲ့ ထွက်ကုန်ကဏ္ဍကလည်း တအား နိမ့်ပါတယ်။ ကြည့်မြင်တိုင် လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ နောက်တကြိမ် ပြန်ပြီးတော့ တင်ပါတယ်။ တင်ပြီးတဲ့ အခြေအနေကျမှ လွှတ် တော်မှာ အတည်ပြုတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က “ပထမ အစိုးရသက်တမ်းက ကုမ္ပဏီ ၃ ခုကို တင်ဒါ ပေးခဲ့တဲ့အတွက် အဲဒါကိုလည်း တင်ဒါရ ကုမ္ပဏီများနဲ့ ညိုနှိုင်းပြီးဖျက်လိုက်ပြီ ဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်း ပေးပြီး လုပ်ငန်းရှင်တွေ လက်ထဲကို ဝကွက်အပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီကနေ ပေါ်ထွန်းလာမယ့် အကျိုးအမြတ်တွေနဲ့ ကျနော်တို့ရဲ့ မြို့ဟောင်းကြီးကို ကျနော်တို့ ပြုပြင်ရပါလိမ့် မယ်” ဟု ပြောခဲ့သည်။
ထိုသို့ ယခင် အစိုးရ သက်တမ်းအတွင်း လွှတ်တော်မှ အတည်ပြုပြီးသောအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ လက်ရှိတွင် မြေသိမ်းမိန့် ထွက်ရှိထားသည်ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
ယင်းသို့ လွှတ်တော်သို့ ထပ်မံတင်ပြ ဆွေးနွေးခြင်းမရှိသည့် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များနှင့် သဘောထား ကွဲလွဲနေကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ဒါကို ထပ်ဆွေးနွေးသင့်တယ်လို့ အန်ကယ်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောတာပေါ့လေ။ သူတို့က ပထမအကြိမ် တိုင်းလွှတ်တော်က အတည်ပြုပြီးသား ပြော တယ် မှန်ပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆက်လုပ်သွားမယ် ဆိုရင် လွှတ်တော်နဲ့ အစိုးရ ထိပ်တိုက် တိုးမယ့် အနေအထား ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ယခင် လွှတ်တော် အစိုးရက အတည်ပြုပေမယ့် ပုံစံတွေ ပြောင်းသွားပြီ။ လုပ်နည်းကိုင်နည်း ပြောင်း သွားပြီ။ အဲဒါကြောင့် ထပ်ပြီး အတည်ပြုဖို့ လိုတယ်။ အတည်မပြုဘဲ လုပ်မယ်ဆိုရင်တော့ လွှတ်တော် ဥပဒေနဲ့ ထောက်ပြ မှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မြို့သစ် စီမံကိန်းအတွက် ကုမ္ပဏီ ၃ ခုနှင့် စာချုပ်ချုပ်ဆိုထားသည်မှာလည်း လက်ရှိ NLD အစိုးရ သစ်လက်ထက်တွင် ဖျက်လိုက်ပြီ ဖြစ်သဖြင့် လုပ်ဆောင်မှု ပုံစံချင်း မတူညီခြင်း၊ Public private Parthership (PPP) စနစ်နှင့် လုပ်ဆောင်မှုများ ပါရှိလာခြင်း၊ ဘဏ္ဍာရေးအနေနှင့်လည်း ကမ္ဘာ့ဘဏ်က ချေးငွေများ ယူထားသည့် အခြေအနေများ ပါရှိလာသောကြောင့် ယင်း အနေအထားများကို သုံးသပ်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ပြန်လည် ဆွေးနွေးသင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
မြို့သစ်စီမံကိန်း လုပ်ဆောင်မည့် မြေနေရာတွင် မြေဝယ်ယူထားသည့် သူများအနေနှင့် မြေ ၁၀ ဧက သိမ်းဆည်းခံရလျှင် ယင်းမြေအစားအဖြစ် မြေ ၂ ဧကစာ ပြန်လည်ရရှိမည် ဖြစ်ကြောင်း၊ အားလုံးအတွက် အချိုး ညီမျှတစွာ မြေကို ခွဲပေးမည် ဆိုလျှင် ကောင်းမွန်သော အခွင့်အလမ်းများ ရရှိနိုင်မည်ဟု သိရသည်။
“ကျနော်တို့ ၂၀ ရာခိုင်နှုန်း ပြန်လျှော်မှာပါ” ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုသည်။
အထက်ပါ မြို့သစ်စီမံကိန်း၏ အခြေခံ အဆောက်အအုံများဖြစ်သော မြို့နယ် ၅ ခုနှင့် ယင်းမြို့တို့ကို ဆက်သွယ်ထား သော တံတား ၂ စင်း၊၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်း ကီလိုမီတာရှိ စက်မှုဇုန် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများပါဝင်မည် ဖြစ်သည်။
ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်အနေနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂ သန်းခန့် ဖန်တီးပေးနိုင်မည်ဟု အစိုးရ၏ ရာနှုန်းပြည့် ပါဝင်သည့်ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (New Yangon Development Company Limited -NYDC )မှ သိရသည်။
မြို့သစ်မှ ရရှိသောအကျိုးအမြတ်များကို ရန်ကုန်မြို့ဟောင်းနေရာရှိ ကျောင်း၊ လမ်း၊ ဈေးနှင့် အခြားလိုအပ်ချက်များ ရှိနေ သော နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ တိုင်းလွှတ်တော်တွင် အသေးစိတ် အချက်အလက်များကို ထပ်မံ ဆွေးနွေးညိုနှိုင်း ရန် လွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒရှိနေကြကြောင်း သိရသည်။