သတင်း

ခွန်တန် ထောက်ခံသူ ဒေသခံများ လူထုစုဝေးပွဲ လုပ်မည်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် အလံတရာနယ်မြေ၌ ခွန်တန် ခေါ် ဇာတ်လိုက်က ဒေသခံ တိုင်းရင်းသူများအပေါ် ပန်းဦးလွှတ်သည်ဟု စွပ်စွဲချက်များအပေါ် လက်မခံသော ဒေသခံများက လူထုစုဝေးပွဲ ပြုလုပ်၍ ရှင်းလင်းမည်ဟု သတင်း ရရှိသည်။

ယင်း တွေ့ဆုံပွဲကို မွန်ပြည်နယ် သထုံမြို့နယ်ရှိ အလံတရာ နယ်မြေ၌ မေ ၁၂ ရက် စနေနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အလံတရာ မဟာသောဋ္ဌာရ ရွှေစေတီတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့နိုင်ရန်ကိစ္စနှင့် ခွန်တန်ကိစ္စကို ရှင်းလင်းသွားမည် ဖြစ်သည်ဟု လူထုတွေ့ဆုံပွဲ ကျင်းပရေး ကော်မတီမှ စောမောင်ကြီးက ဆိုသည်။

“ပန်းဦး လွှတ်တယ်ဆိုတာလည်း ကျနော်တို့ သူတို့ကို သွားပြီးတော့ ရှင်းပြပြီးပါပြီ။ ယောင်္ကျား တယောက်က မိန်းမ ၃ ယောက်ပဲ ယူကြည့်ပါလို့ တအိမ်ထဲမှာ ထားကြည့်လိုက် မဖြစ်နိုင်တဲ့ ကိစ္စပါ။ အခုဟာက မိန်းမပေါင်း ၂၆၀ ဗျာ။ ဒါ အဓိပ္ပာယ်မရှိတာ၊ ဒါက ကျနော်တို့ တိုင်းရင်းသားတွေကို ချိုးနှိမ်တာဗျာ” ဟု စောမောင်ကြီးက ဧရာဝတီသို့ ပြောသည်။

ခွန်တန်မှ ပအို့ဝ်တိုင်းရင်းသူများအား လက်ချည်မင်္ဂလာ ပြုလုပ်ခြင်းသာရှိပြီး ပန်းဦးလွှတ်ခြင်း ဆိုသော စွပ်စွဲချက်ကို လက်မခံကြောင်း ၎င်းက ပြောသည်။

“မွန်မှာလည်း ရှိမှာပါ လက်ချည်တာ၊ ကျနော်တို့ ကရင်မှာရှိတယ်ဗျာ။ ပအ့ိုဝ်မှာလည်း ရှိတယ်။ တိုင်းရင်းသား အများစုကတော့ အန္တရာယ် ကင်းတာတို့၊ ကံဇာတာမြင့်တာတို့ အတွက် လက်ချည်ကြတာ။ လက်ချည်တိုင်း မင်္ဂလာဆောင်ဖြစ်မယ်ဆို ပြဿနာတွေချည်းပဲပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အခမ်းအနား အစီအစဉ်တွင် အလံတရာ မဟာသောဋ္ဌာရရွှေစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေး၊ မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြင်း ခံနေရသော နိဗ္ဗာန်ဆော်များနှင့် ဝရမ်းပြေးဟု စွပ်စွဲသမုတ်ခံနေရသော ခွန်တန် ခေါ် ဇာတ်လိုက်အား အမှုမှ ကင်းလွတ်သည်အထိ လူထုဆန္ဒနှင့်အညီ ဆောင်ရွက်မည် ဖြစ်သည့်အတွက် ကြွ ရောက်မည့် လူကြီးမင်းများမှ ဆုံးဖြတ်ချက်များ အတည်ပြုပေးနိုင်ရန်ဟု ဖိတ်ကြားစာတွင် ဖော်ပြပါရှိသည်။

ခွန်တန် (ခ) ဇာတ်လိုက်သည် အသက် ၂၅ နှစ်ခန့်ရှိပြီး အလံတရာ ဆရာတော် ဝင်စားသည်ဟု ဆိုကာ ဒေသခံ အချို့က ယုံကြည်ကိုးကွယ်နေကြသည်။ သို့သော် ခွန်တန် အပါအဝင် အမျိုးသား ၇ ဦးကို အတင်းအဓမ္မ ပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုးမှု ပုဒ်မ ၃၆၃၊ ပူးပေါင်း ပါဝင်အားပေး ကူညီမှုပုဒ်မ ၁၁၄ တို့နှင့် သထုံမြို့မ ရဲစခန်းတွင် ၂၀၁၇ ခုနှစ် အောက်တို ဘာ ၂၄ ရက်က အမှု ဖွင့်လှစ်ထားသည်။

ပြည်နယ် အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ခွန်တန်ကို ပြည်နယ် သာသနာရေး ဦးစီးမှူးက တရားလိုလုပ်၍ သံဃာအဖွဲ့ အစည်းဆိုင်ရာ ဥပဒေလိုက်နာမှု မရှိခြင်း၊ သာသနာတော် ညိုးနွမ်းစေမှုတို့ဖြင့် သထုံမြို့နယ် တရားရုံးသို့ ဇန်နဝါရီလ ၈ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့သည်။

ယနေ့ချိန်ထိ ခွန်တန်အား ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွား ကြောင်း သတင်းများရရှိသည်ဟု ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက ယခုနှစ် နှစ်ဆန်း ပိုင်း၌ ပြောကြားခဲ့သည်။

မေ ၁၂ ရက် လူထုစုဝေးပွဲကို မွန်ပြည်နယ် အစိုးရအဖွဲ့အား ဖိတ်ကြားထားကြောင်း အခမ်းအနား အစီအစဉ် စာရွက်တွင် ဖော်ပြထားသည်။

ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ယင်းအခမ်းအနားကို ခွင့်မပြုထားသည့်အပြင် အစိုးရပါဝင်သည့် လူထုတွေ့ဆုံပွဲလည်း မဟုတ်ကြောင်း မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

“ဒီကိစ္စကြီး လုပ်မယ်ဆိုတဲ့ဟာကလည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေးတွေမှာ ခွင့်တင်ထားခြင်းလည်း မရှိဘူး။ လွှတ်တော်နဲ့ အစိုးရကလည်း ခွင့်ပြုမထားတဲ့ ကိစ္စဖြစ်တယ်။ လွှတ်တော်နဲ့ အစိုးရကိုလည်း ခွင့်ပန်ထားတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီလူထုတွေ့ဆုံပွဲကတော့ အစိုးရနဲ့ မည်သို့မှ မသက်ဆိုင်ဘူး။ ဒါတခုတော့ အန်တီ ပြောကြားလိုပါတယ်”ဟု ၎င်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ထိုလူထုတွေ့ဆုံပွဲသည် အစိုးရနှင့် လွှတ်တော်တို့က ပါဝင်သည့် လူထုတွေ့ဆုံပွဲပုံစံ ထင်ယောင်ထင်မှားဖြစ်ရန် အခမ်းအနား အစီအစဉ်ထဲတွင် အစိုးရဘက်မှ အမှာစကားပြောမည်ဟု ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စံဝင့် ခိုင်က ထပ်မံပြောဆိုသည်။

ခွန်တန်၏ ပန်းဦးလွှတ်ခြင်းမှာ ရိုးသားသော တိုင်းရင်းသူများအပေါ် ဘာသာရေး ယုံကြည်မှုကို အခွင့် အရေးယူခြင်းကြောင့် တရားစွဲခံရခြင်းသာဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် တိုင်းရင်းသားများအပေါ် ဥပဒေဖြင့် အကာအကွယ်ပေးရန်သာ လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ခွန်တန်ကို တရားစွဲဆိုမှုတွင် ကာယကံရှင် မိန်းက လေး ဖခင်က တရားစွဲထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading