ရန်ကုန် အရှေ့ပိုင်း မြို့နယ်များ ဇွန်လအပြီး မီးကြိုးသစ် လဲမည်
ရန်ကုန်မြို့အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု လျှော့ချရန်အတွက် ငွေကျပ် ၆ ဘီလီယံကျော် အကုန်အကျခံ၍ ဓာတ်မီးကြိုး အသစ်များကို ၂ လအတွင်း အပြီးသတ် လဲလှယ်သွားမည်ဟု သတင်းရရှိသည်။
ယခုမှစ၍ ၂ လအတွင်း အပြီး အသစ် လဲလှယ်မည့် မြို့နယ်များမှာ အရှေ့ပိုင်းခရိုင်ဖြစ်သည့် ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းကျောင်း၊ လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း စသည့် မြို့နယ် များ ဖြစ်သည်။
အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များမှာ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ တောင်ဥက္က လာပ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ မှော်ဘီ၊ ထောက်ကြန့် နှင့် တောင်ပိုင်းခရိုင်ရှိ ဒလနှင့် သံလျင် အစရှိသည့် မြို့နယ်တို့၌ စတင် လဲလှယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက “ရန်ကုန် တတိုင်းလုံးဆိုရင် ထောင်ချီတယ်။ ဒီ၂ လအတွင်းမှာ မိုင် ၁၅၀ ကို ပြီးအောင် လဲမှာပါ။ လူနေများတဲ့ မြို့နယ်တွေကို ကြိုးအသစ်တွေ လဲ သွားမယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်)က ပေးထားတဲ့ ကြိုးတွေကို လုပ်အားခ စိုက်ပြီး လဲပေးတာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ယင်းသို့ လဲလှယ်သွားမည့် ကြိုးများကို ADB မှ ကူညီ ထောက်ပံ့ပေးပြီး လဲလှယ်မှုအတွက် ကုန်ကျစရိတ် ငွေကျပ် ၆ ဒသမ ၀၆ ဘီလီယံကို မြန်မာ အစိုးရမှ အကုန်ကျခံ အသုံးပြုသွားမည်ဟု သိရသည်။
“မြို့ထဲမှာ ကျတော့ Under Ground နဲ့ သွားကြတယ်။ မြေအောက်စနစ်မှာ အခက်အခဲက ပြင်ရင် အချိန်ယူရပါတယ်။ ဒါ ကြောင့် မီးပျက်ချိန် ကြာနေတတ်ပါတယ်။ သစ်ပင်ခုတ်တာနဲ့ ကြိုးလဲတာဆိုရင် နှစ်လလောက်ကြာပါမယ်” ဟု ဦးအောင် ကျော်ဦးက ပြောသည်။
ယခု လဲလှယ်မည့် ကြိုးမှာ သတ္တုကြိုးကို လျှပ်စစ် ဓာတ်မလိုက်အောင် ကာကွယ် ဖုံးအုပ်ထားသည့် ကြိုးဖြစ်သဖြင့် အနည်းဆုံး နှစ်ပေါင်း၂၀ ထိ ခံနိုင်ရည် ရှိကြောင်း ဦးအောင်ကျော်ဦးက ရှင်းပြသည်။
လက်ရှိ၌ မိုးဦးကာလ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန် ရန်ကုန်တိုင်းရှိ ၂၂ မြို့နယ်တွင် အချိန်ပိုင်း မီးပြတ် မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးရေး ကော်ပရေးရှင်း (YESC)က ထုတ်ပြန် ကြေညာထားသည်။
ရွှေလင်ဗန်း စက်မှုဇုန်ဥက္ကဌ ဦးအေးသောင်းက “အသစ်ပြောင်းမယ်ဆိုရင် နောင်လာမယ့် လူဦးရေကို တခါတည်း အပြီး လုပ်ဖို့ အကြံပေးချင်ပါတယ်။ ဟန်ပြမျိုး လုပ်တာမျိုး မဖြစ်စေချင်ပါဘူး။ ရန်ကုန်မြို့က လူဦးရေ အရမ်းထူထပ်တော့ သုံးစွဲမှု တွေလည်း အရမ်းများတဲ့အတွက် လုပ်မယ်ဆိုရင် ကောင်းအောင်လုပ်စေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။