ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အင်းမမြို့ ရန်ကုန်-ပြည် အဝေးပြေးကားလမ်းမတွင် မေလ ၁၁ ရက်နေ့ နံနက် ၁ နာရီခန့်က ခရီးသည်တင် Express တစီး တိမ်းမှောက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၈ ဦးသေဆုံးပြီးလူ ၂၀ ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။
အဆိုပါတိမ်းမှောက်သည့်ယာဉ်မှာ မြရတနာ ခရီးသွားဝန်ဆောင်မှု အမြန်ယာဉ် (Express) ဖြစ်ပြီး မေလ ၁၀ ရက်နေ့ ည ၇ နာရီကတောင်တွင်းကြီးမြို့ မှ ရန်ကုန်သို့ ထွက်ခွာလာရာ မေလ ၁၁ ရက်နံနက် ၁ နာရီခန့်တွင် မိုးရွာသွန်းမှုကြောင့် လမ်းချော် တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း အင်းမနယ်မြေ ရဲစခန်းမှူး ထံမှသိရသည်။
အင်းမနယ်မြေ ရဲစခန်းမှူး ရဲအုပ်စိုးမင်း က “တောင်တွင်းကနေ ၇ နာရီထွက်လာတဲ့ မြရတနာကား မိုင်တိုင်အမှတ် (၁၅၃/၅) အရောက် အင်းမမြို့ပေါ်မှာပဲလမ်းကစလစ်ဖြစ်ပြီးတော့ ပက်လက်လှန်သွားတယ် ပြည်ဆေးရုံမှာတယောက်၊ အင်းမဆေးရုံမှာ ခုနှစ်ယောက် သေဆုံးသူတွေရဲ့ အလောင်းတွေရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “အင်းမ ရေပြာထမင်းဆိုင်မှာ ထမင်းစားပြီးမှ ထွက်လာတာဆိုတော့ ကားသမားအိပ်ငိုက်တာတော့ မဖြစ်နိုင်ဘူး။ မိုးရွာလိုက်တော့ အဲနားမှာက ကုက္ကိုပင်တွေရှိတော့ အဲအသီးတွေကတက်နင်းလိုက်ရင် ချောသွားတယ် တိုက်တာတော့ မဟုတ်ဘူး။ ဖြစ်ဖြစ်ချင်းရဲမီးသတ် အကုန်ထွက်ပြီး ဒဏ်ရာရတဲ့ သူတွေကို ကယ်ထုတ်တယ်” ဟု ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကလေး ၂ ဦး အပါအဝင်ကျား ၅ ဦး၊ မ ၃ ဦးသေဆုံးခဲ့ကာလူ ၂၀ ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိမှုကြောင့် အင်းမနယ်မြေ ဆေးရုံ၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတို့သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အင်းမနယ်၊ သီရိရတနာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော် က “ကျနော်ရောက်သွားတော့ ကားကြီးက ပြောင်းပြန်ကြီးကို လှန်နေတာ။ ကျနော်တို့လည်း ရသမျှကို ဆွဲထုတ်ပြီး ဆယ်ယောက်လောက် ထုတ်ရတယ်။ မီးသတ်တွေ ထပ်ရောက်လာပြီး ထုတ်လိုက်တော့ အကုန်နီးနီး ထုတ်ရတယ်။ ကားကို ပြန်ဆွဲလှန်လိုက်တဲ့ အချိန်မှာအလောင်းနှစ်လောင်းထပ်ရပါတယ်။ သေတဲ့ အထဲမှာတော့ ငါးနှစ်ခြောက်နှစ် တယောက်နဲ့ ဆယ့်သုံးနှစ် တယောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကျနော့်အထင်ကတော့ လမ်းတွေမကောင်းတာပဲ။ လမ်းအရည်အသွေး မကောင်းတော့ ချောနေတယ်။ ကျနော် ထွက်လာတော့တောင် ဆိုင်ကယ်က ချောနေတယ်။ မိုးက တအားရွာတာလည်း မဟုတ်ပါဘူး အနည်းအကျဉ်းလောက်ပဲ” ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သင်၍ ယာဉ်မောင်းအား ဖမ်းဆီးထားပြီး အင်းမနယ်မြေ ရဲစခန်းတွင်ယာဉ် (ပ) ၁၂/၂၀၁၈၊ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄-က တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။