ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်ကြောင့် ဖမ်းဆီးတရားစွဲခံနေရသော ရခိုင်လူငယ် ၈ ဦးအနက် ခြေထောက် ဒဏ်ရာရသူ ၃ ဦးနှင့် လက်မောင်း ဒဏ်ရာရရှိထားသူ ၁ ဦးတို့မှာ သေနတ်ဒဏ်ရာများ မကျက်သေး သဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေသေးကြောင်း မိသားစုဝင်များက ပြောသည်။
အဆိုပါ ရခိုင်လူငယ် ၈ ဦးသည် မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်း အမှတ်ပွဲ ပိတ်ပင်ခံရမှုနှင့် အပတ်သက်ပြီး ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး ထိုဒဏ်ရာများနှင့်ပင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ခြေထောက် ဒဏ်ရာရရှိထားသူ ကိုအောင်ကျော်မြင့်၏ ဇနီး ဒေါ် ခင်ခင်သန်း က “ဒဏ်ရာတွေက မကောင်းကြ သေးဘူး။ ကျမ ယောင်္ကျားဆို ညာခြေသလုံး အရိုးမကြီး ပွင့်ထွက်သွားလို့ စတီးရိုး ထည့်ထားတယ်။ ခြေချောင်းလေး တွေဆိုလည်း ရောင်ကိုင်းနေတုန်းပဲ။ အခုထိ ကျောက်ပတ်တီးနေရာက အပုတ်နံ့ ထွက်နေတုန်းပဲ။ ကျမတို့ အခြေ အနေက သူတို့ လွတ်လာဖို့ထက် ဆေးကုသခွင့် ခံယူဖို့ရရှိရေးက ပိုအရေးကြီးနေတယ်” ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးတရားစွဲခံ ရခိုင်လူငယ် ၈ ဦးတို့ကို မေလ ၁၀ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ၅ ကြိမ် မြောက် အဖြစ် ရုံးထုတ်ခဲ့ပြီး မေလ ၁၇ နေ့ကို ထပ်မံရုံးချိန်ပေးလိုက်ကြောင်း အကျိုးဆောင်ရှေ့နေများက ပြောသည်။
အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော် က “သူတို့အထဲက ဂျိုင်းထောက်နဲ့ ၃ ဦးက တော်တော် အခြေ အနေဆိုးတယ်။ လှမ်းလျောက်လို့ မရသေးဘူး။ အဲဒီဒဏ်ရာတွေက ထောင်ဆေးရုံးမှာ ကုတာထက် ဆေးရုံကြီး တွေက သမားတော်ကြီး၊ အထူးကု ဆရာဝန်တွေနဲ့ ပြသပြီး ကုသဖို့ လိုအပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း ဖမ်းဆီးခံရသူ လူငယ်များတွင် ဒဏ်ရာ မကျက်သေးသူများ ရှိနေသေးသည့်အပြင် တက္ကသိုလ်ဝင်တန်း တက်ရန် လူငယ်များလည်း ပါဝင်နေသည့်အတွက် အနီးကပ်ဆေးကုသခွင့်နှင့် ပညာသင်ကြားခွင့် ရရန်အတွက် လာမည့် ရုံးချိန်များတွင် ဥပဒေနှင့် အညီ တောင်းဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေများက ပြောသည်။
ယင်းမြောက်ဦး ဖြစ်စဉ် အပါအဝင် ရသေ့တောင် စာပေဟောပြောပွဲ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူများ အတွက် ဥပဒေကြောင်းအရာ ခုခံကာကွယ်ရန် ရခိုင်အမျိုးသားပါတီမှ ရှေ့နေ ၆ ဦးပါ ဥပဒေ အထောက်အကူအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အတွင်းက သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် မြောက်ဦးဆေး ရုံးမှနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ကုသခဲ့ရသူများ ဖြစ်သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၎င်း တို့ကို မြောက်ဦးမြို့မ ရဲစခန်းမှ အများပြည်သူပိုင် အဆောက်အဦး အကျိုး ပျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်လှစ်ကာ စစ်တွေမြို့ ပြည်သူဆေးရုံးကြီး အတွင်း အချုပ်သား လူနာဆောင်သို့ ပြောင်းရွေ့ ကုသခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ပိုင်းတွင် ဆေးရုံမှနေ စစ်တွေ အကျဉ်းထောင်သို့ အာဏာပိုင်များက ပြောင်းရွေ့ ချုပ်နှောင်ခဲ့သည်။
မြောက်မြို့တွင် ရခိုင်နိုင်ငံတော်အချုပ်အငြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲကျင်းခြင်း ပိတ်ပင်ခံရမှုနှင့် အပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးခံနေရသော ရခိုင်လူငယ် ၈ ဦးကို စစ်တွေ ထောင်တွင် ရုံးထုတ်