သတင်း

မန္တလေးကျုံးအတွင်း အမျိုးသမီး အလောင်းတွေ့ရှိ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း၈၀နှင့် ၁၅ လမ်းဆုံ ကျုံးရေပြင်အတွင်း၌ ယနေ့ နံနက် ၅နာရီခွဲခန့်က အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူ အမျိုးသမီး၏ အမည်နှင့် နေရပ်လိပ်စာ အချက်အလက်များကို စုံစမ်းဆဲဖြစ်ပြီး၊ ယခုအခါ နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။

“အခုချိန်ထိ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိသေးဘူး။စုံစမ်းဆဲပဲ ရှိတယ်။ကျုံးရေက အတိမ်အနက်မှန်း လို့မရဘူး။စောက်လဲနက်တယ်။အန္တရာယ်ရှိတဲ့အတွက် ကျုံးထဲကို မဆင်းသင့်ဘူး”ဟု အမှတ် ၂ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မျိုးညွန့်က ပြောသည်။

အဆိုပါ သေဆုံးသူရုပ်အလောင်းကို နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးမှ ဆယ်ယူ၍ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ကျုံးရေပြင်၌ သေဆုံမှုများ ယခုနောက်ပိုင်း များပြားလာရာ ၂၀၁၇ ခုနှစ်အတွင်း ကျုံးအတွင်း ရေနစ်သေဆုံးသူ ၈ ဦးအထိရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလ ၁၁ ရက်ထိ ၆ ဦးရှိပြီး၊ ကျုံးအတွင်း ငါးမမှျှားရ၊ ရေထဲမဆင်းရ စည်းကမ်း များသတ်မှတ်ထားသည့်အပြင် အကာအရံ ပြုလုပ်ထားသော်လည်း ရေနစ် သေဆုံးမှုများ ရှိနေပြီး အများစုမှာအသက်၃၀နှစ်အောက်ရှိ မြို့ခံများဖြစ်ကြောင်း နယ်မြေရဲစခန်း မှတ်တမ်းများမှ သိရသည်။

ပြီးခဲ့သည့်လက မန္တလေးမြို့တော်သာယာလှပရေးအတွက် ယခင်ကာရံထားသည့် သံပန်းလက်ရန်း များအစား စတီးလက်ရန်းအသစ်များ တပ်ဆင်ထားခဲ့ပြီဖြစ်သည်။

Loading