အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်သည့် မြန်မာနိုင်ငံ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက် အကူပေးရေး အဖွဲ့၏ ရုံးကို နေပြည်တော်တွင် ဖွင့်လှစ်လိုက်သည်။
အဆိုပါရုံးကို ဇမ္ဗူသီရိမြို့နယ် အားကစားကျေးရွာတွင် မေလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုရုံးအနေဖြင့် ပြည်သူများ ဥပဒေ အခွင့်အရေး အပြည့်အဝ ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟု ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း က ဖွင့်ပွဲ အခန်းအနား အပြီးတွင် သတင်းထောက်များကို ပြောသည်။
ဦးဉာဏ်ဝင်း က “ဥပဒေ အထောက် အကူပြုအဖွဲ့ရဲ့ အဓိကအကျဆုံး အလုပ်က တရားဥပဒေ အရာမှာ အညီအမျှရဖို့ ကာကွယ်မှာ။ ဆင်းရဲလို့၊ ခရီးဝေးလို့၊ ဥပဒေအခွင့် အရေးတွေကို ထိခိုက်သွားမှာကို ကျနော်တို့ ကာကွယ်မယ်။ အခြေခံကတော့ဒါပဲ။ အရှင်းဆုံးပြောရရင် မရှိတဲ့သူကို ရှေ့နေ ငှားပေးမှာ” ဟု ဆိုသည်။
အဖွဲ့အနေဖြင့် ဆင်းရဲ နွမ်းပါးသည့်သူများအား ဥပဒေဆိုင်ရာအခမဲ့ အထောက်အကူပေးနိုင်ရန်အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် မှန်ကန်စေရေးကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက် အကူပေးရေး အဖွဲ့ အတွက်ဘက်ဂျက်သည် ပြည်ထောင်စု တရား လွှတ်တော်ချုပ် အောက်မှ သွားမည်ဖြစ်သော်လည်း လုပ်ငန်းခေါင်းစဉ် ၂ ခုကွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချူပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ယနေ့ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ် ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
ဦးကိုကိုနိုင် က “သူ့ရဲ့ လုပ်ငန်းဖန်ရှင်ကတော့ သူ့ဥက္ကဋ္ဌနဲ့သူ၊ သူ့အဖွဲ့ဝင်နဲ့သူ သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ဘတ်ဂျက် သဘောတရားအရ ပြည်ထောင်စု တရားလွှတ်တော်ချူပ်ရဲ့ ဘတ်ဂျက်၊ ဒါပေမယ့် ငွေစာရင်းခေါင်းစဉ် ၂ ခုကွဲသွားတယ်။ သူ့ကျတဲ့ငွေ သူ့ငွေသူ သုံးပေ့ါ” ဟု ဆိုသည်။
အဆိုပါ အဖွဲ့မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ ပြဌာန်းခဲ့သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပေါ်ပေါက်လာသော အဖွဲ့တခုဖြစ်ပြီး အဖွဲ့ဝင် ၁၃ ဦးပါဝင်ကာ စတင်ဖွဲ့စည်းသည့် အချိန်မှ ၅ နှစ် အထိ သက်တမ်းရှိမည်ဖြစ်သောအဖွဲ့ တခုဖြစ်သည်။
ယင်းအဖွဲ့သည် မြန်မာနိုင်ငံ၌ ပထမဆုံးပေါ်ပေါက်လာသော အဖွဲ့တခု ဖြစ်သည်ဟုလည်း ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း က ဆိုသည်။
ရိုက်တာ သတင်းထောက် ၂ ဦးအမှုအား လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က “မူအားဖြင့် ဒီဟာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အားကိုးဖို့လည်း တော်တော်လေး မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအဖွဲ့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ဌာနဆိုင်ရာ အရာရှိ ၆ ဦး၊ တရားလွှတ်တော်ရှေ့နေ ဥပဒေကျွမ်းကျင်ပညာရှင် ၆ ဦး စုစုပေါင်း ၁၃ ဦး တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
“အခုပြည်နယ် ရုံးတောင်မှ အကုန်မဖွင့်နိုင်သေးဘူး။ ကျန်နေသေးတယ်။နောက်ပိုင်း ဖွဲ့ရမှာပေါ့။ ကျနော်တို့ စည်းမျဉ်းစည်းကမ်းနဲ့ ဖွဲ့လို့မပြီးသေးဘူး။ အလုပ်လုပ်တယ်ဆိုရင် ဘက်ဂျက်ကလိုပါတယ်။ အခုမှ ရုံးခန်းဖွင့်တာပါ။ အဲဒီအတွက် အန်ကယ်တို့ ကြိုးစားပါမယ်” ဟု ဦးဉာဏ်ဝင်း က ပြောသည်။
ယင်းအဖွဲ့မှ ပြစ်မှုဆိုင်ရာအမှုများကိုသာ လိုက်ပါဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအ ဖွဲ့၏ အကူအညီရယူလိုပါက သက်ဆိုင်မြို့နယ် အဖွဲ့ရုံးခွဲများမှ တဆင့် ဆက်သွယ် အကူအညီတောင်းယူနိုင်မည်ဖြစ်ပြီး မြို့နယ်ရုံးခွဲများကိုလည်း ဆက်လက်တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် သွားမည်ဟု သိရသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ဧပြီလ ၁၆ ရက်နေ့က ပြောကြားခဲ့သော နှစ်သစ်ကူးမိန့်ခွန်းတွင် ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်ရန် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် တွေ့ဆုံ၍ တရားရုံးအသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်း ဆောင်ရွက်ထားကြောင်း ပြောဆိုသွားသည်။
ထို့အပြင် “ကျနော်တို့ရဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေးစင်တာတွေဟာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်အောင် ကြိုးပမ်းရပါလိမ့်မယ်။ ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီ အမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါမယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။