ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်အား တာဝန်မကျေပွန်မှု စွဲ ချက်ဖြင့် ရာထူးမှ ဖယ်ရှားပေးရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ တင်ပြထားသော်လည်း၊ ချင်း လူထုအတွင်း ရာထူးမှ မဖယ်ရှားရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
တီးတိန့်မြို့မှ ကိုထားသွမ်က “၂ နှစ်တာ အတောအတွင်းနဲ့တော့ လူတယောက်ရဲ့ အလုပ်မလုပ်နိုင်မှုလို့ ဆုံးဖြတ်ပေးလို့ မရနိုင်ဘူးထင်တယ်။ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် အနေနဲ့လည်းပဲ ၅နှစ်တာ အတော အတွင်းမှာ သူဘာလုပ်မယ်ဆိုတဲ့ စီမံချက်တွေ ရှိကောင်း ရှိမှာပေါ့။ ဒါတွေကိုလည်း ကျနော်တို့ မြင်ချင် သေးတယ်။ တကယ်တမ်း ကျနော့်အနေနဲ့တော့ သူက ဖြုတ်ရမယ့် အထဲမှာ မပါဘူးလို့ မြင်တာပဲ”ဟု ပြောသည်။
ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မကျေပွန်မှု၊ ပူးပေါင်း ဆောင်ရွက်မှု အား နည်းခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ရာထူးက ဖယ်ရှားရန် စီစဉ်နေသည့်တိုင် ချင်းတိုင်းရင်းသား အများစုက ဝန်ကြီး တာဝန်မှ မရပ်နားသင့်ကြောင်းနှင့် ဖယ်ရှင်းသင့်သည့် အခြေ အနေတွင်လည်း မရှိကြောင်း ဆိုကြသည်။
ဖလမ်းမြို့မှ ချင်းတိုင်းရင်းသူ တဦးက “ဝန်ကြီးတဦး နှစ်ဦး အပြောင်းအလဲလုပ်ရုံနဲ့ ပိုကောင်းလာ မယ်မထင်ဘူး။ အလုပ်မလုပ်ဘူး ဆိုတဲ့အကြောင်းပြချက်နဲ့တော့ မဖြုတ်သင့်ဘူးထင်တယ်။ အဂတိ လိုက်စား၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ရှိရင်တော့ ဘယ်သူ့ကိုမဆို ဖြုတ်သင့်တယ်လို့ မြင်တယ်”ဟု ပြောသည်။
နိုင်ငံတော် သမ္မတထံမှ ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်အား တာဝန်မှ ရပ်စဲသည့် ညွန်ကြားစာ ထွက် ပေါ် လာခြင်းမရှိသေးသော်လည်း ၎င်းနေရာ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သို့မဟုတ် ပြင်ပပညာရှင် တဦးဦးကို ခန့်အပ်သွား မည်ဆိုသော သတင်းများကလည်း ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်း ထွက်ပေါ်နေသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်း ရာ အစည်းအဝေးခန်းအတွင်း ရောက်နေ၍ ဖြေဆိုနိုင်ခြင်း မရှိပေ။
ခူးမီလူငယ်အဖွဲ့ ဒုဥက္ကဌ ပီတာလွယ်လူးကလည်း ဝန်ကြီး အပြောင်းအလဲကို မပြုလုပ်စေချင်ကြောင်း၊ မဖြစ်မနေ အပြောင်း အလဲ လုပ်ရမည်ဆိုပါက အသင့်တော်ဆုံး လူကိုသာ ရွေးချယ်ခန့်အပ်ပေး စေလို ပြီး နိုင်ငံရေးအာဏာ အားပြိုင်မှုများဖြင့် သူ့လူကိုယ်လူအဖြစ် မရွေးချယ်စေချင်ကြောင်း ၎င်းက ပြောသည်။
“ဒီအပြောင်းအလဲ ကိစ္စကတော့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျနော့် အနေနဲ့တော့ မပြောင်းစေချင်ဘူး။ ဘာလို့လဲ ဆိုတော့ သက်တမ်းကလည်း ၅ နှစ်ရဲ့ တဝက်ရောက်တော့မယ်ဆိုတော့ ဒီရှိပြီးသာ လူတွေ နဲ့ပဲ သွားစေချင်တယ်။ ဝန်ကြီး တယောက်တက်လာ ပြီးဆိုရင် အစကနေ ပြန်စရတော့ လုပ်ရကိုင်ရ တာ အဆင်မပြေဘူး။ ဒါပေမယ့်လည်း မဖြစ်မနေ နှုတ်ထွက်ရမယ့်ဟာမျိုး ဖြစ်ခဲ့ရင်တော့ နှုတ်ထွက်ရ မှာပဲလေ။ လာဘ်စားလို့ တခုခု ပြစ်မှု ကျူးလွန်လို့ အဲလိုမျိုး ဖြစ်ခဲ့ရင် တော့ ဒါက နှုတ်ထွက်ရမှာပဲ လေ”ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဌတို့အကြား နိုင်ငံရေးအရ အားပြိုင်မှုများ ရှိနေ ကြောင်း ချင်းလူထုအသိုင်းအဝိုင်းကြား ပြောဆိုနေကြပြီး ယခု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်ကို ရာထူး မှ ဖယ်ရှားရန် ပြည်နယ်လွှတ်တော်ဥက္ကဌက ကြိုးစားခြင်းသည် ဝန်ကြီးချုပ် အားနည်းသွားရန် လုပ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မြင် ချက်များလည်း ချင်းလူထု အသိုင်းအဝိုင်း ကြား ပြောဆိုနေကြသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နေ ချင်းတိုင်းရင်းသား ဆလိုင်းစီလျှံကလည်း “သူက လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြော လိုက်ရင်တော့ သူဟာ တော်တော်လေး လုပ်နိုင်ပါတယ်။ သူက ပညာရှင်တဦး အနေနဲ့ ခန့်ထားတာလည်း ဖြစ်တဲ့အတွက် သီဝရီပိုင်းမှာ အရမ်းအားကောင်းတယ်။ ဒေသခံတွေနဲ့ မျှမျှတတဖြစ်မှု သိပ်မရှိတာတွေတော့ ရှိတယ်။ ဖြုတ်သင့် မဖြုတ်သင့်ကတော့ ပြောလို့တော့ နည်း နည်း ခက်ခဲတယ်။ ချင်း အယူအဆအရ ဆိုရင်တော့ ခန့်ထားပြီးသား ဆိုရင်တော့ မဖြုတ်တာ ကောင်းတာပေါ့။ သူ့ကို အရှက်ကွဲသလို ဖြစ်သွားတာကို တာဝန်မကျေပွန်လို့ဆိုတာ”ဟု ပြောသည်။
ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကမူ ချင်းပြည်နယ်လွှတ်တော် အနေဖြင့် ၎င်းအပေါ် ရာထူးမှ ဖယ်ရှားရန် ဖိအားနေခြင်းနှင့် ပတ်သက်၍ တစုံတရာ ကန့်ကွက်ရန် မရှိကြောင်း၊ အထက်လူကြီးများက ချမှတ် လာမည့် အခြေအနေအတိုင်း လက်ခံ သွားမည်ဟု ဆိုသည်။
“ ကျနော် လုပ်နိုင်တဲ့ အတိုင်းအတာကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာပဲ ကျနော့် ခေါင်းထဲမှာ ရှိပါတယ်။ အခု ကျနော့်ကို ရာထူးက ဖယ်မယ့် ကိစ္စအပေါ်မှာ ဘာမှ မပြောလိုပါဘူး”ဟု ၎င်းက ဧရာဝတီပြောသည်။
လက်ရှိတွင် ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်သည် ရာထူးမှ နှုတ်ထွက်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အစိုးရထံ စာပေးပို့ တင်ပြထားပြီး ဖြစ်ကြောင်း ချင်းလူထုအကြားနှင့် ချင်းပြည်နယ်လွှတ်တော် အသိုင်းအဝိုင်းကြား သတင်းများ ထွက်နေသည်။
ခူးမီလူငယ်အဖွဲ့ ဒုဥက္ကဌ ပီတာလွယ်လူးက “ကျနော်တို့လည်း သတင်းတော့ ကြားပါတယ်။ စည်ပင် ဝန်ကြီးက နှုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ သတင်း ကြားတယ်။ သတင်းကြားတယ်ဆိုတာ သူများ ဆီက တဆင့်ပြီး တဆင့်ကြားတာဆိုတော့ အတိအကျတော့ မပြောနိုင်ဘူး။ ဘာအကြောင်းကြောင့် နှုတ်ထွက်စာ တင်ထားလဲဆိုတာ မသိရဘူး”ဟု ပြော သည်။
ဆလိုင်းအိုက်ဇက်ခင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ တဆင့် အစိုးရ ဖွဲ့စည်းလာသော အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် (NLD)က ပညာရှင် တဦးအနေဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့မှာ စည်ပင်၊လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ပေးရန် ကမ်းလှမ်းခြင်းကို ခံခဲ့ရရာမှ ဝန်ကြီး ဖြစ်လာသူ တဦးဖြစ်ကြောင်း သိရသည်။