သတင်း

အိမ်အကူလုပ်ငန်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိသော လုပ်ငန်းအမျိုးအစားဟုဆို

Want create site? Find Free WordPress Themes and plugins.

အိမ်အကူလုပ်ငန်းသည် ကလေးသူငယ်များ အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ကြုံတွေ့ရမှု အပါအဝင် အကာအကွယ်မဲ့ ညှဉ်းပန်း နှိပ်စက်ခံရခြင်းများ ကြုံတွေ့ရလေ့ရှိသဖြင့် အန္တရာယ်ရှိသော လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း Save The Children မှ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အကြံပေး ဒေါ်သန္တာကျော် က ပြောသည်။

ရန်ကုန်မြို့ Inya Lake Hotel ၌ ပြုလုပ်ခဲ့သော အိမ်အကူကလေး အလုပ်သမား အရေး ဖြေရှင်း ဆောင်ရွက်ခြင်း ဆိုင်ရာနှင့် အိမ်အကူ အလုပ်သမား ကြီးငယ်မဟူ အားလုံးကို ကာကွယ်စောင့်ရှောက်မှု ပေးခြင်းစသည့် ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သသမား ရေးရာအဖွဲ့ (ILO)၊ Save the Children၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)နှင့် အခြားအရပ်ဖက် အဖွဲ့အစည်း များက မေလ ၁၁ ရက်နေ့မနက်ပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်သန္တာကျော် က ပြောဆိုခြင်းဖြစ်သည်။

ဒေါ်သန္တာကျော် က “ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ပြဿနာတွေ ကျမတို့ဆီ အများကြီး တက်တယ်။ အိမ်အကူ အလုပ်ကို လုပ်လိုက်ပြီဆိုတာနဲ့ မိန်းကလေးဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံရတယ်။ အင်မတန်ပြင်းထန်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုတွေ ကြုံရတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “နောက် အိမ်အကူ အလုပ်ကနေ လူကုန်ကူးခံရတဲ့ ကိစ္စတွေ ဖြစ်သွားတယ်။ ကျမတို့မှာဥပမာတွေ အများကြီးရှိပါတယ်။ အများကြီး တွေ့ခဲ့ရတယ်။ အဲဒါကြောင့် ကျမတို့ Save The Children က အိမ်အကူလုပ်ငန်းကို ကလေးငယ်တွေအတွက် အန္တရာယ်ရှိတဲ့ လုပ်ငန်းအနေနဲ့ပဲ သတ်မှတ်ထားပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်လုပ်လုပ်နေသည့် ကလေး ၁ ဒသမ ၂ သန်းကျော်အနက် ၁ ဒသမ ၁ သန်းခန့်သည် ကလေးအလုပ် သမားအဖြစ် ရှိနေပြီး အိမ်အကူနှင့် ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းများတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းခန့် အလုပ်လုပ်နေရကြောင်း၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သား စာရင်း၌ ဖော်ပြထားသည်။

ကလေးသူငယ်များ လုပ်ကိုင်ခွင့်ရှိသော အလုပ်အမျိုးအစားများကို အစိုးရအနေနှင့် သတ်မှတ်ထားရန် လိုအပ်ပြီး ကျန်းမာရေးနှင့် ပညာရေးကို မထိခိုက်သော လုပ်ငန်းများကိုသာ အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ်ရှိ ကလေးသူငယ်များ လုပ်ကိုင်ခွင့် ရှိကြောင်း ILO မှ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ မြန်မာနိုင်ငံ အစီအစဉ် နည်းပညာအကြံပေး အရာရှိ Mr. Selim Benaissa က ယနေ့ ဆွေးနွေးပွဲတွင် ပြောသည်။

Mr.Selim Benaissa က “ဘေးဥပါဒ်အန္တရာယ် ရှိသည့် လုပ်ငန်း ဟုတ်၊ မဟုတ်ကို မိဘများအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရက ပူးပေါင်းတွေ့ဆုံပြီး ဆုံးဖြတ်ရမှာပါ။ မိဘတွေအနေနဲ့ သူတို့ကလေး ဖြစ်တဲ့အတွက် ဒီအလုပ်က အန္တရာယ် မရှိဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဘေးဥပါဒ်အန္တရာယ်ရှိတဲ့ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ လုပ်ကိုင်ခွင့် မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ ကလေးလုပ်သမား ၁ ဒသမ ၁ သန်းခန့်အနက် ၆ သိန်းကျော်မှာ အန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေသော ကလေးလုပ်သားများ ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သားစာရင်းအရ သိရသည်။

အိမ်အကူလုပ်ငန်းကို လုပ်ကိုင်ရသည့် ကလေးငယ်များသည် ပညာဗဟုသုတများ နိမ့်ပါးကာ အခက်အခဲများကို အဆိုးရွားဆုံးရင်ဆိုင် ကြုံတွေ့နေရသည့် မိသားစုများမှ ဖြစ်ပြီး မိဘများကိုယ်တိုင်က အဆိုပါ အလုပ်ကို စေခိုင်းခြင်းဖြစ်ကြောင်း CTUM မှ ရွှေ့ပြောင်းအလုပ်သမား၊ ကလေး အလုပ်သမားနှင့် အိမ်အကူအလုပ်သမားဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး ဒေါ်ထွေးထွေးသိန်း က ပြောသည်။

ဒေါ်ထွေးထွေးသိန်း က “အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်နေရပြီး လုပ်ခလစာကို မိဘတွေက ကြိုပြီးထုတ်သွားကြတဲ့အတွက် အလုပ်ကို မလုပ်ချင်ဘဲ လုပ်ကိုင်နေရတဲ့သူတွေ အများကြီးတွေ့ရပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ အိမ်အကူလုပ်ငန်းကို အသက် ၇ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများလုပ်ကိုင်လျှက်ရှိပြီး တနှစ်ထက် တနှစ်ပိုမို များပြား လာကြကြောင်း Save The Children မှ သုတေသနနှင့် ဆန်းစစ်လေ့လာချက်များအရ တွေ့ရှိရကြောင်း ဒေါ်သန္တာကျော် က ပြောသည်။

အိမ်အကူ လုပ်ကိုင်နေရသော ကလေးငယ်များနှင့် ပတ်သက်ပြီးဖြေရှင်းနိုင်ရေး လိုက်လျောညီထွေသည့် ဥပဒေရှိရန်နှင့် အိမ်အကူ ကလေးများ နှင့် သက်ဆိုင်သော အသိပညာဗဟုသုတများ လူတိုင်းဆီရောက်နိုင်ရန် လုပ်ဆောင်ဖို့ လိုကြောင်း ILO က တိုက်တွန်းသည်။

Mr. Selim Benaissa က “အိမ်အကူ ကလေးငယ်တွေ အရေး ဖြေရှင်းမယ်ဆိုရင် အိမ်အကူတွေ ဘယ်လိုနေရာတွေမှာ များနေလဲ ဘယ်လို အန္တရာယ်တွေ ရှိနေလဲဆိုတဲ့ သုတေသန ပြုလုပ်ငန်းလေးတွေ လုပ်ရမယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ငန်းလေးတွေ လုပ်တာလဲ ဘယ်လို အခြေအနေနဲ့ လုပ်တာလဲဆိုတာကိုသိရင် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကိုရှာဖွေတွေ့ရှိမှာပါ” ဟု အကြုံပြုသည်။

မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ်ကလေးများသည် လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်း ကဏ္ဍတို့၌ ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းတို့တွင် ၁၁ ရာခိုင်နှုန်း အသီးသီး လုပ်ကိုင်လျှက် ရှိသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းတွင် ၄ ရာခိုင်နှုန်းနှင့် စီမံအုပ်ချုပ်ရေးနှင့် အထောက်အကူပြုမှု ဆိုင်ရာလုပ်ငန်းများတွင် ၁ ဒသမ ၈ ရာခိုင်နှုန်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ၆ ရာခိုင်နှုန်း စသဖြင့် အသီးသီး လုပ်ကိုင်လျှက်ရှိကြောင်း သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်ပစ္စည်း သိုလှောင်ရေး လုပ်ငန်းတွင် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ တည်ခိုးရေးနှင့် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းတွင် ၁ ဒသမ ၂ ရာခိုင်နှုန်း လုပ်ကိုင်လျှက် ရှိသည်။

ယင်းပြင်သတ္တု တူးဖော်ရေးနှင့် ကျောက်မိုင်းလုပ်ငန်းတွင် ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အိမ်အကူနှင့် ဆိုင်သောဝန်ဆောင်မှု လုပ်ငန်းများတွင် ၀ ဒသမ ၉ ရာခိုင်နှုန်း နှင့် လျှပ်စစ် ဓာတ်ငွေ့၊ ရေဖြန့်ဖြူးမှု လုပ်ငန်းတွင် ၀ ဒသမ ၂ ရာခိုင်နှုန်းစသည့် ကဏ္ဍများတွင် အသီးသီး လုပ်ကိုင်လျှက် ရှိကြောင်း၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သား စာရင်းများအရသိရသည်။

မြန်မာနိုင်ငံတွင် အိမ်အကူက လေးများအား လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု အကြမ်းဖက်မှု ဖြစ်စဉ်များအနေနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ် အတွင်းပဲခူးတိုင်းဒေသကြီး တရားသူကြီးဟောင်း၏ ဇနီးက နှိပ်စက်လိုက်သည့် အိမ်အကူအမှု၊ မင်္ဂလာဒုံမြို့နယ်နေဆရာဝန် လင်မယား၏ နှိပ်စက်မှုကိုခံခဲ့ရသည့် အိမ်အကူ မိန်းကလေးအမှု၊ မြောက်ဒဂုံမှ အိမ် အကူကလေးငယ်အမှု၊ မန္တလေးမြို့ရှိ ပန်ဒိုရာအဆီချ လုပ်ငန်းတွင် လုပ်ကိုင်ရင်း နှိပ်စက်ခံရသည့် အမှုစသည့် အမှုများစွာ ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ်၌ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင်မှ နှိပ်စက် ညှဉ်းပန်းသည့် အိမ်အကူမိန်းကလေး ၂ ဦးအမှု၊ ဒဂုံဆိပ်ကမ်း မြို့နယ်မှ မီးပူဖြင့် ကပ်ခံရသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူကလေးငယ်အမှု၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းရှိဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်၏ ဆိုင်အလုပ်သမားကလေးငယ်ကို နှိပ်စက်သည့် အမှုများကလူထုကြားပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်တချို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading