ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ဖြစ်သည့် ပုသိမ်မြို့၌ တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူ လုံခြုံရေးအတွက် ငွေကျပ်သိန်း ၃ ရာကျော် အကုန်ကျခံ၍ လုံခြုံရေးကင်မရာ (CCTV) များကို ပထမဆုံး အကြိမ်အဖြစ် တပ်ဆင်ခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့၏ အဓိကကျသော အရေးကြီး အဆောက်အအုံများ၊ အိမ်ရာများ၊ တံတား၊ စစ်ဆေးရေးဂိတ်များ၊ မီးပွိုင့်များနှင့် လမ်းဆုံလမ်းခွ နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ် က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဒုရဲမှူးကြီး ခင်မောင်လတ် က “CCTV တပ်ခြင်းဟာ ပြည်သူလူထုဘဝ လုံခြုံရေးနဲ့ မှုခင်းဖော်ထုတ်ရေး လုပ်ငန်းစဉ်တွေမှာ အများကြီး အကျိုးရှိပါတယ်။ CCTV တပ်ထားတဲ့ အတွက် ကားဆိုင်ကယ် ခိုးသွားတယ်ဆိုရင် ဘယ်မီးပွိုင့်တွေ ဖြတ်တယ်။ ပုသိမ်မြို့ထဲကနေ ဘယ်လမ်းကနေ ထွက်သွားတယ် ဆိုတာကို ကြည့်လို့ ရသလို တခြားမြို့ကနေ ပြစ်မှုကျူးလွန်ပြီး ပုသိမ်မြို့ထဲ ဝင်လာတယ်ဆိုရင်လည်း မြို့အဝင်ကနေ စပြီးမှတ်တမ်း တင်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
CCTV အလုံး ၃၀ ကျော်အား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဦးစီး၍ မေ ၁၁ ရက်၌ တပ်ဆင်ထားပြီး တမြို့လုံး အနေအထားနှင့် စုစုပေါင်းကင်မရာ ၇၆ လုံးကို မေလကုန်ပိုင်းတွင် အပြီးတပ်ဆင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ပြောသည်။
ယင်းသို့ လုံခြုံရေး ကင်မရာ တပ်ဆင်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇ – ၂၀၁၈ ခုနှစ် ဘတ်ဂျတ် ရန်ပုံငွေ ကျပ်သိန်း ၃ ရာကျော်နှင့် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ညပိုင်း၌ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့လျှင် ကင်မရာမှ မှတ်တမ်းများ ပြန်ကြည့်ပြီး အမှန် အမှား ဆုံးဖြတ်နိုင်ကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။
ပုသိမ်မြို့မှ အငှားယာဉ်မောင်း ဦးဆန်းညွန့် က “ကျနော်တို့ ကတော့ အခုလိုCCTV တပ်တာ ပိုကြိုက်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျဖြစ်စေတယ်။ ယာဉ်တိုက်မှုတွေ ဆိုလည်း CCTV ပြန်ကြည့်ပြီး ဖြေရှင်းဖို့ လွယ်တယ်။ လူငယ်တွေ ရန်ဖြစ်တာတွေ၊ လုယက်တာတွေ၊ မူးရစ်ရမ်းကား တာတွေလည်း CCTV မှတ်တမ်းတွေ ကနေ ပြန်ကြည့်လို့ရတယ်လေ။ ဖြစ်နိုင်ရင် ရန်ဖြစ်လေ့ရှိတဲ့နေရာတွေ၊ စားသောက်ဆိုင် များတဲ့နေရာတွေမှာလည်း ပိုတပ်စေချင်တယ်” ဟု ပြောသည်။
ပုသိမ်တမြို့လုံး၌ တပ်ဆင်ထားသည့် CCTV များကို ကြည့်ရှုမည့် ထိန်းချုပ်ရေးစင်တာကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စီစဉ်ထားရှိပြီး လိုအပ်ချိန်တွင် ပြန်လည်ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။