ဘင်္ဂလားဒေ့ရှ်က ၎င်းဘက်ခြမ်းတွင် နှစ်နိုင်ငံနယ်နိမိတ် စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ရာ ရောက်သည့် သဲအိတ် အိုဗာဟက်ပစ်ကျင်းနှင့် ဘန်ကာများ တည်ဆောက်ခြင်းနေခြင်း အပေါ် မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူပြီး တရားဝင်ကန့်ကွက်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ၃၄ BGB တပ်ရင်းသည် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုုင် ၃၄၊ ၃၅ နှင့် မျက်နှာချင်းဆိုင်ရှိ တောင်ဘရိုးရွာမှ အောက်ဘာ့ရှ်ဘာရီရွာအထိ သဲအိတ် အိုဗာဟက်ပစ်ကျင်း၂ ကျင်း၊ သဲအိတ်/မြေသား အိုဗာဟက် ပစ်ကျင်း ၃ကျင်း၊ မြေသားဘန်ကာ ၁ ခု ၊ကွန်ကရစ်ဘန်ကာ ၁ခု တို့ဖြင့် ကာရံထား သည့် နေရာ ၇ နေရာအား မတ်လ ၁၈ ရက် မှ၂၁ ရက်အထိ ပြုလုပ်ခဲ့ပြီး၊ မတ်လ ၆ရက်၊ ၇ရက်တို့တွင် CCTV ကင်မရာ ၄လုံး တပ်ဆင်သလို၊ ဆိုလာမီးတိုင် ၁၀တိုင်ကိုလည်း စိုက်ထူကြောင်း BGB တပ်များ နေ/ည မပြတ်စောင့်ကြပ်နေကြောင်း သိရသည် ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မေလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ခေါ်ယူ၍ ထိုအဆောက် အအုံများသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ် စာချုပ်ပါ သတ်မှတ် ချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဖယ်ရှားပေးရန်၊ နယ်နိမိတ် မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန်၊ တားမြစ်ထားသည့်ဇုန်အတွင်း မြန်မာဘက်ခြမ်း၌ နေအိမ်၊ အဆောက် အအုံများ ဝင်ရောက်ဆောက်လုပ်နေသည့် တရားမဝင်နေထိုင်သူ ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပံပိုးပေးနေမှုရပ် ရန်၊ ၎င်း တရားမဝင်များ ပြန်လည်ထွက်ခွာရေး ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်ဟု သိရသည်။
ဆက်လက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ရရှိထားသည့် သဘောတူညီ ချက်များနှင့် အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မိုးရာသီ မကျ မီ စတင်ရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့် ရှိနေကြောင်း မြန်မာဘက်မှ စာရင်းပေးပို့ထား သော ရခိုင်ပြည်နယ်တွင်း၌ နေထိုင်ကြသည့် ဟိန္ဒူနှင့် မူဆလင် (၁၂၀၀) ဦးခန့်အား ပြန်လည် ပို့ဆောင်ရေးအတွက် လည်းကောင်း၊ မြန်မာဘက်မှ စိစစ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားသောစာရင်းပါ လူ (၉၂၉)ဦး တို့ကို ပြန်လည်ပို့ဆောင်ရေး အတွက်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ Physical Arrangement တွင် သဘောတူညီထား ချက်များ အရ သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်စွက်၍ လူစာရင်းများ ပေးပို့ရန် လိုအပ်ကြောင်း သံအမတ်ကြီးအား ပြောကြား ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာ သူများ အရေးကိစ္စနှင့် အခြားသော နှစ်နိုင်ငံဆိုင်ရာ အကျိုးတူကိစ္စရပ်များကို နှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားစေ လိုကြောင်း ပြည်ထောင်စု ဝန်ကြီးက သံအမတ်ကြီးအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သောလများအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဟု ယူဆရသော ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုး (၃၆၈) ဦးတို့နှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ပြီး ၎င်းတို့အား လိုအပ်သော နိုင်ငံသားစိစစ်မှုများ ဆောလျင်စွာ ပြုလုပ်ရေးနှင့် ၎င်းတို့ ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်သို့ ပို့ဆောင်ရေးအတွက် ဆောင်ရွက်ရန် တိုက်တွန်းသည်။
ထို့အပြင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ Physical Arrangement တွင် သဘောတူညီထား ချက်များအရ သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်စွက်၍ လူစာရင်းများ ပေးပို့ရန် လိုအပ်ကြောင်း သံအမတ်ကြီးအား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ အရေးကိစ္စနှင့် အခြားသော နှစ်နိုင်ငံဆိုင်ရာ အကျိုးတူကိစ္စရပ်များကို နှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားစေလိုကြောင်း သံအမတ်ကြီးအား ပြောကြားခဲ့ကြောင်း သိရှိရသည်။