သူရ ဦးရွှေမန်းက ၎င်းအနေဖြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ရာထူးမှ ဖြုတ်ချ ခံခဲ့ရသော်လည်း နိုင်ငံတော်ကို သစ္စာဖောက်ခဲ့သူ မဟုတ်ဘဲ ပြည်သူလူထု အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ ခြင်း ဖြစ်ကြောင်း မနေ့က ပြောကြားသည်။
ယမန်နေ့က နေပြည်တော် လွှတ်တော် အဆောက်အဦဝင်း အတွင်းရှိ လွှတ်တော်ရေးရာဆောင် I – 11 တွင် ပြုလုပ်သည့် “သူ၊ ကျနော် နှင့် မြန်မာ့နိုင်ငံရေး”စာအုပ်အကြောင်း ရေးသူဖတ်သူ ဆွေးနွေးပွဲတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဦးရွှေမန်း ရခဲ့တဲ့အခွင့်အရေး၊ ဦးရွှေမန်း ဆုံးရှုံးခဲ့ရတာတွေ သိပါတယ်။ သန်းခေါင်ယံ အာဏာသိမ်းပွဲ ထက် ဆိုးဝါးသော ကိစ္စတွေ ဦးရွှေမန်းမှာ ကြုံတွေ့ခဲ့ရတာတွေ ရှိပါတယ်။ အဓိကကတော့ သစ္စာ ဆိုတဲ့ စကားပဲ။ ဦးရွှေမန်း ဘယ်သူ့ကိုမှ သစ္စာ မဖောက်ခဲ့ဘူး။ ဘယ်သူ့မှ ဆိုတဲ့နေရာမှာ အဓိကကတော့ နိုင်ငံတော်ကို သစ္စာမဖောက်ခဲ့ဘူး။ နိုင်ငံသားတွေ အပေါ်မှာ သစ္စာမဖောက်ခဲ့ဘူး”ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊ မိန်းမသားတဦး ဖြစ်ခြင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ခံခဲ့ရ၍ ငဲ့ညှာရမည်ဆိုသော စိတ်ဖြစ်မိကြောင်း၊ ကိုယ့်မရှိသည့် အရည်အချင်း၊ အစွမ်းအစများလည်း ရှိခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံကပါ အချစ်ခံရသူ ဖြစ်သည့်အပြင် ကမ္ဘာ့အားပေးထောက်ခံမှု ရရှိထားသူတဦးကို ပူးပေါင်းဆောင်ရွက်ပါက တိုင်းပြည် အကျိုးရှိမည်ဟု ယုံကြည်ခဲ့ကြောင်း ၎င်းက ပြောသည်။
သူရ ဦးရွှေမန်းက “တချို့ကိစ္စတွေမှာဆိုရင် မသေလို့သာ သူ (ဒေါ်အောင်ဆန်းစုကြည်) ကျန်တာ။ စိတ်ထဲမှာ ဒါက အလို လိုရှိတယ်။ အဲဒီလိုရှိရင်း လွှတ်တော်ထဲကို ရောက်လာတဲ့အခါ သူနဲ့ စကားပြော တယ်။ သူက တည့်တည့်ဖြောင့်ဖြောင့် ပြောတယ်။ တည့်တည့် ပြောမယ်ဆိုရင် အားမနာဘူးလို့ ပြောလို့ရတယ်။ ဒီထက် ပြောမယ်ဆိုရင် မာတယ်၊ စွာတယ်ပေါ့။ သူဘယ်လိုပဲ ဖြစ်ဖြစ် ပြန်တွက်လိုက် တဲ့ အခါကျတော့ သူနဲ့ တို့တတွေ ပေါင်းပြီးတော့ နိုင်ငံအတွက် လုပ်မယ်ဆိုရင် နိုင်ငံလည်း အများကြီး အကျိုးရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “လွယ်လွယ်ပြောမယ်ဆိုရင် သူ့ကို နိုင်ငံက ချစ်တယ်။ ပြည်သူတွေက ချစ်တယ်။ ပြည်သူ့ထောက်ခံမှု ရှိတယ်။ ကမ္ဘာက ချစ်တယ်။ ကမ္ဘာက အားပေးမယ်။ အဲဒီ ထောက်ခံမှု၊ အားပေး မှု၊ အသိအမှတ်ပြုမှုက တကယ့်အားတွေ။ တို့ဆီမှာ မရှိဘူး။ တပ်မတော် အစိုးရမှာ မရှိဘူး။ ကိုယ့်ဆီ မှာလည်း မရှိဘူးလို့ ထင်တယ်”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်အတူတူတွဲ၍ လုပ်ပြခြင်း သည် နိုင်ငံရေး အမှတ်ရလေ့ရှိပြီး သမ္မတဟောင်း ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွဲ၍ ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့တွင် ဓါတ်ပုံ အရိုက်ခံခဲ့ခြင်းကို သတိပြု နိုင်ကြောင်း၊ ထိုဓါတ်ပုံကြောင့် နိုင်ငံရေးတွင် အပြောင်းအလဲများစွာ ရှိခဲ့ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေး က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က တော်တော်ကပ်လို့ ကောင်းတဲ့တံဆိပ်ပဲ။ ကပ်လိုက်တာနဲ့ အရောင်က တော်တော်တောက် သွားတာ။ ဦး သိန်းစိန်ကလည်း ဒီလိုလုပ်ချိန်မှာ။ ဦးရွှေမန်းကလည်း ဒီလိုုလုပ်ဖို့ စဉ်းစားမိပုံပဲ။ သူက အင်မတန်မှ ဒီမိုကရေစီကို ကြိုက်တယ်။ အပြောင်းအလဲတွေလည်း လုပ်ပြမယ့် လူတယောက်ဆိုတာ ပြဖို့အတွက်ကို လုပ်ကွက် တွေပေါ်မှ ပြလို့ ရတာကိုး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အလုပ်တွဲလုပ်ပြနိုင်ခြင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ အမှတ်အများကြီး ရစေတဲ့ သဘောရှိ တယ်”ဟု ဦးသီဟသွေးက ပြောသည်။
သူရ ဦးရွှေမန်းနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ပထမအကြိမ် လွှတ်တော်သည် ဦးရွှေမန်း၏ ကြိုးပမ်းအားထုတ်မှုများကြောင့် “လက်ညိုးထောင်၊ ခေါင်းငြိမ့်လွှတ်တော်” ဆိုသည့် အပြောမျိုးကို ချေဖျက်နိုင်ခဲ့ကြောင်း၊ ပါတီစွဲ မကြီးသောကြောင့် ဦးရွှေမန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုနီးကပ်သွားခဲ့ကြောင်း ပြောသည်။
“ကျနော်တို့ရဲ့ မေးခွန်းတွေကို ဦးရွှေမန်းက ခွင့်ပြုပေးတဲ့အခါ သူဟာ အပြောင်းအလဲတွေကို တကယ် ဖော်ဆောင်ချင်တဲ့သူ ပဲလို့ မြင်လာတယ်။ ဦးရွေမန်းက တော်တော်လည်း သည်းခံနိုင်တယ်။ သဘော ထားလည်း ပျော့ပြောင်းတယ်လို့ပဲ ပြောရ မယ်။ အဲဒီလို အချိန်မှာ မေးခွန်းမှာ သိပါသလားလို့ ထည့် မေးရင်တောင် လွှတ်တော်က ဝန်ထမ်းအကြီးအကဲတွေက သူတို့ လူကြီးတွေကို တမင် ခနဲ့တာလား။ ဘာသဘောလဲဆိုပြီး ဖုန်းဆက်အမေးခံနေရတဲ့အချိန်”ဟု ဦးရဲထွန်းကပြောသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ရောက်လာချိန်တွင် ၎င်းကိုယ်တိုင် ဦးရွှေမန်းအကြောင်း စာရေး၍ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဖူးကြောင်း၊ အမေရိကန်က မြန်မာကို ဆန်ရှင်သက် တမ်းတိုးရန် ဆုံးဖြတ်ချိန် လွှတ်တော် တွင်း ယင်းကိစ္စများကို ဆွေးနွေးပြီးနောက် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ ပိုမိုနီးကပ်သွားခဲ့ကြောင်း ဦးရဲထွန်းက ပြောသည်။
“ဦးရွှေမန်းက သူ့ကိုယ်သူ ပါတီ ဥက္ကဌလို့ ယုံကြည်ထားတယ်။ သူက နံပါတ် ၁ ခေါင်းဆောင်လို ဖြစ်နေတယ်။ သူ့စိတ်ထဲမှာ ဘယ်သူ့မှ ကြောက်စရာ မလိုဘူးဆိုတဲ့ဟာမျိုးပေါ့။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရင်းနှီးတာ၊ တွေ့ဆုံတာ၊ ညှိနှိုင်းတာတွေက တိုင်းပြည်အကျိုးအတွက် ဆိုတဲ့ဟာမျိုးပေါ့။ ဆိုလိုတာကတော့ ရင်ကြားစေ့ရေးပေါ့ဗျာ။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ ဒီလို ဆောင်ရွက်ချက် တွေကြောင့် လွှတ်တော်ထဲမှာ သူ့ပါတီဝင်တွေရဲ့ အတိုက်အခံ လုပ်တာကို ခံခဲ့ရတယ်”ဟု ၎င်းက ပြောသည်။
တိုင်းပြည်တွင် သူများနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျနေရပြီး ဆင်းရဲသည့် နိုင်ငံများ ကြားတွင်ပင် နောက်ဆုံး ရောက်နေ၍ ရှက်စရာ အလွန်ကောင်းကြောင်း၊ ထိုသို့ ဖြစ်နေရခြင်းမှာ အချင်းချင်း မညီညွှတ်၍ ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို ကြိုးစားခဲ့ရာမှ NLD အစိုးရ တရပ် ပေါ်ထွန်းလာသည့် အခြေအနေကို ရောက်ရှိခဲ့ကြောင်း သူရ ဦးရွှေမန်းက သုံးသပ်ပြခဲ့ သည်။
“ဒါကြောင့်မိုလို့ အခုလို အခြေအနေ တွေ ဖြစ်အောင် ဆောင်ရွက်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဘာအကျိုးကျေးဇူး ရှိလဲ။ ဦးရွှေမန်း မှာရော ဘာအကျိုးကျေးဇူးရှိလဲ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည် အကျိုးကျေးဇူးလို့ ပြောရမှာက ဦးရွှေမန်းရဲ့ အကျိုးကျေးဇူးလို့ ပြော ရမှာက ပြည်သူ့ရဲ့ဆန္ဒ၊ ပြည်သူ့ ရဲ့ ဆုံးဖြတ်ချက်ဆိုတာ NLD အစိုးရ ဖွဲ့စည်းစေချင် တာကို ဦးရွှေမန်းက NLD အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ဘာတွေ လုပ်ပေးခဲ့တယ်ဆိုတာ သိလိမ့်မယ်။ ကြားလိမ့်မယ်။ မြင်လိမ့်မယ်လို့ ထင်တယ်”ဟု သူက ဆိုသည်။
၎င်းက ဆက်၍ “ဒါကြောင့် သစ္စာဆိုတာ ဘာလဲ။ သစ္စာဆိုတာ ဘယ်သူ့ကိုထားရင် အမွန်မြတ်ဆုံးလဲ။ ဦးရွှေမန်း ယုံကြည် ချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာစောင့်သိ ရိုသေခြင်းဟာ အမွန်မြတ်ဆုံးနဲ့ အမြင့်မြတ်ဆုံးပဲ။ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု အပေါ်မှာ သစ္စာထားပြီးတော့ နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်ရာရောက်သော ကိစ္စမျိုး၊ နိုင်ငံတော် အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း လုပ်လို့ရှိရင် အဲဒါသည် သစ္စာဟုတ်လား၊ မဟုတ်လား ပြန်စဉ်းစားဖို့ လိုတယ်”ဟု ပြောသည်။
ထို့ပြင် နိုင်ငံရေးပါတီတရပ် ထူထောင်ခြင်းနှင့် ပတ်သက်၍လည်း နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွား အတွက် လိုအပ်ပါက စဉ်းစားမည် ဖြစ်သော်လည်း ကျန်းမာရေးနှင့် နိုင်ငံရေး အခြေအနေများပေါ်တွင် မူတည်ကြောင်း သူရ ဦးရွှေမန်းက ပြောသည်။
၎င်းရေးသားထားသည့် “သူ၊ ကျနော်နှင့် မြန်မာ့နိုင်ငံရေး”စာအုပ်နှင့် ပတ်သက်ပြီး တာဝန်အပြည့်အဝ ယူကြောင်း၊ ၎င်းတို့ ထဲတွင် ပါဝင်ပတ်သက်သူများကိုလည်း သွားရောက် မေးမြန်းနိုင်ပြီး အမျိုးသား ပြန်လည် သင့်မြတ်စေချင်သော ရည်ရွယ် ချက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သိသမျှကို အကုန်ထုတ်ဖော် ရေးသား၍ မရကြောင်း ပြောဆိုခဲ့သည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့ သူတဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။ ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇေယျသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့သည်။
ယခုအခါ ၎င်းသည် နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေသည်။