ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း ယနေ့မနက်ပိုင်း တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရဲ၊ ပြည်သူ့စစ်နှင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရကာ မူဆယ်မြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။
မူဆယ်မြို့အခြေစိုက် ဂရုဏာလူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်း က “ အားလုံး စာရင်းချုပ်က သေဆုံးသူ ၁၉ ယောက် ရှိပါတယ်။ မိန်းကလေး ၂ ယောက်ပါတယ်။ ယောင်္ကျားလေး ၁၇ ယောက်ပါ။ သေဆုံးတဲ့ မိန်းကလေး ၂ယောက်ထဲမှာ တယောက်က ကိုယ်ဝန်သည်ပါ။ ဒဏ်ရာရတာက ၂၇ ယောက် ရှိတယ်။ ယောင်္ကျားလေး ၂၆ မိန်းကလေး ၁ယောက်ပါ”ဟု ပြောသည်။
နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ ၁၉ ဦး ရှိကြောင်း ထိုအထဲတွင် ရဲအရာရှိ တဦးနှင့် ပြည်သူ့စစ် ၃ ဦး ပါဝင်ပြီး အရပ်သား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ၎င်း၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသား ထုတ်ပြန်ထားသည်။
သူ၏ ရေးသားထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူမှာ ၂၀ ဦးရှိကြောင်း ထိုသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၆ ဦးနှင့် အရပ်သားများဖြစ်သည်ဟုဆိုသည်။
ဦးဇော်ဌေး က “အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု မဟုတ်ပါ။ အဖျက် အမှောင့် အကြမ်းဖက် လုပ်ရပ်သာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယနေ့မနက်ပိုင်း ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်-နမ့်ခမ်းမြို့ ကားလမ်းမရှိ ပန်ခမ်း တံတားအနီး၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာထိပ် နှင့် မူဆယ်-လားရှိုးမြို့ ကားလမ်းမပေါ်ရှိ နမ့်ပေါ်တံတား အနီးရှိ တပ်မတော်နှင့် ပြည်သူ့စစ်စခန်းများကို TNLA ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။
မူဆယ်မြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက “မနက် ၅နာရီလောက်က စဖြစ်တာ။ မူဆယ်မြို့နဲ့ ၁မိုင်လောက် ဝေးတဲ့ နမ့်ပေါ်တံတားက ရဲကင်းနဲ့ ပြည်သူ့စစ်ကင်းကို ဝင်ပစ်ဝင်စီးသွားတာ။ အဲ့ကနေ လွန်လာပြီး မူဆယ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက် တခုဖြစ်တဲ့ စွမ်ဆော်ရပ်ကွက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ ကျေးရွာက ပန်ခမ်းကျေးရွာ၊ တံတားက နမ့်ပေါ်တံတားပါ” ဟု ပြောသည်။
မနက် ၅ နာရီဝန်းကျင်မှ စပြီး ၈ နာရီခွဲခန့်ထိ တိုက်ပွဲများ ဖြစ်ပွားပြီး ငြိမ်သက်သွားသည်ဟု ဦးစိုင်းကျော်သိန်း က ပြောသည်။
သေဆုံးသူ ၁၉ ဦးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး နှင့် ဒုရဲအုပ်တဦးပါဝင်သည်ဟု သိရှိထားကြောင်း၊ ကျန် သေဆုံးသူများမှာ အရပ်သားများ ဖြစ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။
ဦးသောင်းထွန်း က “မနက်က ၅ နာရီကျော်လောက် သတင်းရရချင်း ကား ၄ စီး ကျနော်တို့ ဂရုဏာ အသင်းက ထွက်ပြီး ဒဏ်ရာရတဲ့ လူတွေကိုကယ်တယ်။ နောက်ပြီးသေဆုံးတဲ့ လူတွေကို တင်ပါတယ်။ တင်ပြီး ပန်ခမ်းတံတားမှာ ဒဏ်ရာရတဲ့ လူတွေကို ထပ်ကယ်ပါတယ်။ နောက်ပိုင်း ဆေးရုံပို့ပြီး ညောင်ရမ်းစက် လှေဂိတ်မှာ ထပ်ဖြစ်တော့ သေတဲ့ သူတွေကို ထပ်ကောက်တာပါ” ဟု ပြောသည်။
ဒဏ်ရာရရှိထားသူ အားလုံးကိုလည်း ဂရုဏာလူမှုကူညီရေး အသင်းမှ လိုက်လံကယ်ဆယ်ပြီး မူဆယ်ဆေးရုံသို့ ပို့ထားကြောင်း၊ မူဆယ်ဆေးရုံတွင် ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များ ရောက်ရှိနေကြောင်း၊ လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားသည့် အသံများ ထပ်မံမကြားရတော့ဘဲ ငြိမ်သက်နေသည်ဟု ဦးသောင်းထွန်းက ဆိုသည်။
ဦးသောင်းထွန်း က “ကျနော်တို့ ပြည်သူလူူထုအားလုံးက လက်နက်ကိုင်အဖွဲ့တွေကို တောင်းပန်ပါတယ်။ အမြန်ဆုံး ငြိမ်းချမ်းရေး ရချင်ပါတယ်။ ပြည်သူလူထု မထိခိုက်တဲ့ ပုံစံမျိုးတွေ ဖြစ်ချင်ပါတယ်။ အမြန်ဆုံး မြင်ချင်ပါတယ်” ဟု လည်းပြောသည်။
TNLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယနေ့မနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ TNLA ဘက်မှ တပ်မတော်နှင့် ပြည်သူ့စစ် ရှိရာနေရာများကို စစ်ဆင်ရေးဝင်ရောက် ပြုလုပ်ကာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၊ ပန်ခမ်းရွာအနီးရှိ လောင်းကစားရုံတရုံကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “ဖြစ်တဲ့ အကြောင်းရင်းက မြန်မာ့တပ်မတော်က ကျနော်တို့ တောတွင်းက ယာယီစခန်းတွေကို ပိုက်စိပ်တိုက် လိုက်တိုက်ခိုက်နေတယ်။ ကျနော်တို့ မဟာမိတ် KIA မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အဲ့တာကြောင့် အသေးစားစစ်ဆင်ရေး ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။
ဦးဇော်ဌေး က “တောထဲမှာ အထိနာလို့ မြို့ပေါ်တက်ပြီး အသေးစား စစ်ဆင်မှု လုပ်ရပါတယ် ဆိုတဲ့ TNLA ရဲ့ အကြောင်းပြချက်ဟာ အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာ ရရှိမှုနဲ့ ယှဉ်ရင် အဓိပ္ပါယ် မရှိပါဘူး။ လက်ခံနိုင်စရာ မရှိတဲ့ အကြောင်းပြချက်ပါ” ဟု ဦးဇော်ဌေး က တုန့်ပြန်ထားသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က မနက်ပိုင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် လောင်းကစားရုံကိုလည်း အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
“အဲ့လောင်းကစားရုံက မြန်မာ့တပ်မတော်နဲ့ ပြည်သူ့စစ် ကာကွယ်ပြီး ဒိုင်ကြီးတခုလို လုပ်ထားတယ်။ နောက်ဆက်တွဲ ပြဿနာက လောင်းကစားတွေ ခိုးဆိုးလုယက်တွေ မိသားစုဘဝပျက်စီးမှုတွေ ဖြစ်ပြီးတဆက်တည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေ အဲ့ကနေလုပ်လာတယ်။ လူူထုကအဲ့ဒဏ်ကိုမခံနိုင်လို့ လာပြောကြားလို့ ကျနော်တို့ လောင်းကစားရုံကိုလည်း ဝင်ရောက် ရှင်းလင်းတာ ဖြစ်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
TNLA၏ စစ်ဆင်ရေးကြောင့် တိုက်ပွဲဖြစ်ပွားရာတွင် အရပ်သားများ သေဆုံးခြင်းနှင့် ပတ်သတ်၍ အသေးစိတ် မသိရှိသေးကြောင်း TNLA တပ်ဖွဲ့ဝင်များမှာ လောင်းကစားရုံဝင်းကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ TNLA ဘက်မှ လတ်တလောရရှိထားသည့် စာရင်းများအရ သေဆုံးသူများမှာ ပြည်သူ့စစ်မိသားစုဝင်များ နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း၊ အချို့မှာလည်း ပြည်သူ့စစ်ဝင်းအတွင်း အရပ်ဝတ်ဖြင့် နေထိုင်နေခြင်း ဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က“ ကျနော်တို့ ပစ်ခတ်တော့ မြန်မာ့တပ်မတော်နဲ့ ပြည်သူ့စစ်က ဦးတည်ရာမဲ့ ပြန်လည် ပစ်ခတ်တယ်။ အရပ်သားထိတယ်ဆိုတာက ဘယ်အဖွဲ့တွေကြောင့် ဖြစ်တယ်ဆိုတာကျနော်တို့ စိစစ်နေတယ်။ မသိရသေးဘူး။ လူထုထိခိုက်တာတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး။ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ကြားမှာ ပြည်သူလူထုထိခိုက်တာ ဖြစ်တယ်” ဟု လည်းပြောသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က စစ်ဆင်ရေးတွင် KIA မပါရှိဘဲ TNLA တပ်ဖွဲ့ဝင်များသာ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ယနေ့မနက်ပိုင်းက မူဆယ်မြို့အတွင်း တိုက်ခိုက်မှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် TNLA တို့ ပူးပေါင်းကာ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် KIA နှင့် TNLA ပူးပေါင်းအဖွဲ့က မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပူးပေါင်း လုံခြုံရေး ယူသည့် ပန်ခမ်းတံတားတွင် အင်အား ၅၀ ခန့် နှင့် မန်ဝိန်းဂိတ်တွင် အင်အား ၁၀ခန့်ဖြင့် တိုက်ခိုက်ကြောင်း၊ နမ့်ခမ်းမြို့မ ဌာနေပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်စံ၏ နေအိမ်တဝိုက်တွင်လည်း အင်အား ၃၀ ခန့် လာရောက်တိုက်ခိုက်ကြောင်း၊ ပန်ခမ်းတံတားအနီးရှိ နောင်ရမ်းကျေးရွာတွင်လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ မနက် ၈နာရီခန့်တွင် ထွက်ပြေးသွားကြောင်း ရေးသားထားသည်။
တပ်မတော်ဘက်မှ လာရောက်တိုက်ခိုက်သူများကို အကြမ်းဖက်သောင်းကျန်းသူများဟု သတင်းထုတ်ပြန်ချက်တွင် သုံးနှုန်းထားပြီး ၎င်းတို့ကို နယ်မြေလိုက်လံရှင်းလင်းသွားမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်ပြီးရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ယနေ့ မနက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သတ်၍ မေးမြန်းရန် တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဧရာဝတီမှ ဆက်သွယ်ရာဖုန်းကိုင် ဖြေဆိုခြင်းမရှိပါ။