ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်အတွင်းက ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (RCM )အနေဖြင့် လူပေါင်း ၁ သိန်း ၈သောင်း ကျော်ကို ကူညီထောက်ပံ့ မှုများကို ပေးနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ ( ICRC )မှ ရခိုင်ပြည် နယ်ဌာနေ ကိုယ်စားလှယ် Katia Sorin က ပြောကြားသည်။
မေလ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်တီ ( ICRC ) စစ်တွေရုံးခွဲတွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများသို့ အသိပေး ပြောကြားခဲ့သည့်ပွဲ တွင် အထက်ပါ အတိုင်း ရခိုင်ပြည်နယ် တာဝန်ခံ Katia Sorin က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရေးအခင်းနောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့နေတဲ့ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့ တောင်မြို့နယ် အတွင်းက ကျေးရွာအုပ်စုပေါင်း ၁၃၀ ကျော်က လူပေါင်း ၁သိန်း ၈ သောင်း ကျော်ကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့က ကူညီထောက်ပံ့မှုတွေ လုပ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့ ပေးတဲ အခါမှာလည်း အခက်အခဲ့ဖြစ်နေတဲ့ လူတိုင်းကို ပေးပါတယ်။ သတင်းရရင် ရသလောက် အခက်အခဲ့ ဖြစ်နေတဲ့ ရွာတွေကို သွားရောက်ပြီးတော့ ကူညီ ထောက်ပံ့မှု တွေ ပေးခဲ့တာဖြစ်ပါတယ် ” ၎င်းက ပြောသည်။
အဆိုပါ ကြက်ခြေနီလှုပ်ရှားအဖွဲ့ Red Cross Movement ( RCM ) တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC ) ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ( MRCS ) ၊ အပြည်ပြည်ဆိုင်ရာ ဖက်ဒရယ်ရှင်း ( IFRC ) စသည့် အဖွဲ့ ၃ ဖွဲ့ပါဝင်ကြောင်း သိရသည်။
ဘူသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ ကြက်ခြေနီလှုပ်ရှား အဖွဲ့ (RCM)အနေဖြင့် ကူညီထောက်ပ့ံ့ပေးရာတွင် သန်းရှင်းစွာ ဆောင်ရွက် လုပ်ကိုင်ရန် လိုအပ်ကြောင်း ထောက်ပြ ဝေဖန် သည်။
“ကျနော်တို့ အနေနဲ့ကတော့ ကြက်ခြေနီအဖွဲ့ သူတို့ အလုပ်သူတို့ လုပ်တာ ဖြစ်တဲ့အတွက် ဘာမှတော့ ပြောစရာမရှိဘူး။ ဒါပေမဲ့ သူတို့ ထောက်ပံ့ပေးနေတဲ့ ဘင်္ဂါလီရွာသားတွေက အကြမ်းဖက်မှုမှာ ပါဝင်သူ တွေ ဖြစ်တဲ့အတွက် ဒေသခံတွေက တော့ အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီတယ်လို့ မြင်ကြ တာရှိတော့ ကြက်ခြေနီအဖွဲ့ အနေနဲ့ လုပ်ငန်းဆောင် ရွက်တဲ့ အခါ သန့်ှသန့်ရှင်းရှင်း လုပ်ကိုင်ဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့၏ ထောက်ပံ့ကူညီပေးခဲ့သော လူပေါင်း ၁ သိန်း ၈ သောင်းကျော် စာရင်းမှာ အကြမ်း ဖက်မှုဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ နှစ်ကုန်ပိုင်းအထိ ဆောင်ရွက်ပေး ခဲ့သော စာရင်းများ ဖြစ်ပြီး ထောက်ပံ့ကူညီခဲ့ရာတွင် ရခိုင် ၊ မြို ၊ ဒိုင်းနက် ၊ သက် ၊ ဟိန္ဒူ ၊ ဘင်္ဂါလီ စသည့်ဖြင့် ဒေသအတွင်း နေထိုင်သော လူမျိုး ပေါင်းစုံကို အစားအသောက်များ ၊ ငွေသားများ ၊ အိမ်ထောင်စုသုံး ပစ္စည်းများ ပါဝင် ကြောင်းလည်း ICRC မှ တာဝန်ရှိသူများက ဆိုသည်။
ဧရာတီသတင်းဌာနမှ ကူညီထောက်ပံ့ပေးခဲ့သော လူပေါင်း ၁ သိန်း ၈ သောင်းကျော်တွင် ရခိုင်နှင့် မျိုးနွယ်စုက မည်မျ ၊ ဘင်္ဂါလီကျေးရွာသားများက မည်မျှပါဝင်ကြောင်းကို သိလိုကြောင်း မေးမြန်းရာ လူမျိုး အလိုက် စာရင်းပြုစုမထား သည့် အတွက် မသိရှိကြောင်း ICRC မှရခိုင်ပြည်နယ် ဌာနေကိုယ်စား လှယ် Katia Sorin က ပြန်လည် ဖြေကြားသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC ) သည် ရခိုင်ပြည်နယ်သို့ ၂၀၁၂ ခုနှစ်မှစတင် ဝင်ရောက်ခဲ့ပြီး စစ်တွေ ၊ မြောက်ဦး ၊ မောင်တောမြို့တို့တွင် အမြဲတန်းအခြေစိုက်ရုံးဖွင့်လှစ်ကာ လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။