ရန်ကုန်မြို့ တာမွေ အဝိုင်းထိပ်ရှိ Ocean Center ရှေ့တွင် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် စစ်ဘေးသင့် ပြည်သူများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပေးရန် တောင်းဆိုသူများကို ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် အင်အားသုံး ဖြိုးခွင်းခဲ့ပြီး ၉ ဦးကို ဖမ်းဆီးခဲ့သည်။
စစ်ပွဲများရပ်တန့်ရေးအတွက် တောင်းဆိုသူများကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြပြီး ဆောင်ရွက်ရန် ပြောဆိုသဖြင့် တောင်းဆိုမှုရပ်တန့်ပြီး အိမ်ပြန်ရန် လူစုခွဲနေစဉ် ဝင်ရောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ပွဲရပ်တန့်ရေး တောင်းဆိုသူများ ထဲမှ ကဗျာဆရာ မောင်ဆောင်းခ ကပြောသည်။
မောင်ဆောင်းခ က “လာပြောတဲ့ မြို့နယ် ဦးစီးမှူးနဲ့ ကျနော်တို့ ညှိနှိုင်းသဘောတူပြီး လူစုခွဲကြမယ်လုပ်နေတဲ့ စခွဲနေတဲ့ အချိန်မှာဘဲ ရဲတွေက ဝင်ရိုက်တယ်။ ရဲတွေက ဝင်ရိုက်တယ် ဆိုပေမယ့် ရဲတွေရဲ့ နောက်မှာ အမျိုးသားရေး အစွန်းရောက် ဆိုတဲ့ လူတွေ စစ်ပွဲကို ထောက်ခံတယ်ဆိုတဲ့လူတွေက နေပြီးတော့ အတင်းဝင်ရိုက်ဖို့ ဖိအားပေးတဲ့ အခါမှာ ရဲတွေကပါ ဝင်ရိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဇေယျာလွင်၊ တင်ထွဋ်ပိုင်၊ ကိုဖိုးစိုး၊ ကိုမြတ်ကျော်၊ မထားထားနွယ်၊ ကိုအုပ်စိုးပိုင်၊ ရဲထွဋ်လွင်၊ မခင်စန္ဒာ၊ ပြည့်ဖြိုးနိုင် တို့ပါဝင်ကြောင်း သိရပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုတော့ မသိရသေးပေ။
စစ်ပွဲရပ်တန့်ရေးလှုပ်ရှားသူများအနေဖြင့် လက်ရှိအဖမ်းခံထားရသူများကို ပြန်လွှတ်ပေးရန် အပါအဝင် ရဲတပ်ဖွဲ့နှင့် အတူ ဖမ်းဆီးစဉ်မှာ ဝင်ရောက် ထိုးကြိတ်ဖမ်းဆီးခဲ့သော အမျိုးသားရေးသမားဆိုသူများကို စုံစမ်းဖော်ထုတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ စုဝေး၍ ဆန္ဒဖော်ထုတ်နေသူများကို ဥပဒေမဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးရန် ခိုင်းစေသည့် အဓိက တာဝန်ရှိသူကို အစိုးရ အနေဖြင့် ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုသွားမည်ဟုဆိုသည်။
“ဖြိုခွင်းတဲ့ ပုံစံမျိုး ဖြစ်တာက နောက်တပိုင်း ကျနော်တို့ လူစုခွဲမယ်လို့ ပြောပြီးမှ ဝင်ရိုက်တာက ပြဿနာ မြို့နယ်ဦးစီးမှူးနဲ့ ကျနော်တို့ သဘောတူပြီးသွားပြီ အဲလိုအဆင်ပြေပြီး လူစုစခွဲနေတဲ့ အချိန်မှာ ဝင်ရိုက်တာဟာ ရဲတပ်ဖွဲ့အနေနဲ့ သူတို့ ပြဌာန်း ထားတဲ့ ဥပဒေ လုပ်ထုံး လုပ်နည်းတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ဖောက်ဖျက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်” ဟု မောင်ဆောင်းခ ကဆိုသည်။
တာမွေ အဝိုင်းထိပ်တွင် စစ်ပွဲရပ်တန့်ရေး ဆန္ဒပြနေသူများကို တန်ပြန်အနေဖြင့် ဆန္ဒပြသည့် အဖွဲ့တဖွဲ့လည်း ရုတ်တရက် ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ အနေဖြင့် ထိုအဖွဲ့ကိုတော့ ဖမ်းဆီးခြင်း တစုံတရာ အရေးယူခြင်း ရှိမရှိ မသိရသေးပေ။
စစ်ပွဲရပ်တန့်ရေးတောင်းဆိုမှုကို လာရောက် ကြည့်ရှုသည့် အမျိုးသမီး တဦးက “သူတို့တွေက အေးအေး ဆေးဆေး ဆန္ဒပြနေတော့ လုပ်လိမ့်မယ်လို့ ထင်မထားဘူး။ ဒါပေမယ့် တကယ်ရိုက်ပြီး ထိုးကြိတ်ဖမ်းဆီးသွားတာ” ဟု သူမြင်ခဲ့ရပုံကို ပြန်ပြောပြသည်။
လာရောက်ကြည့်ရှုသူ အသက် ၄၀ ကျော်အရွယ် အခြားအမျိုးသမီးတဦးကလည်း “ရဲတွေရဲ့ ပုံစံက နဂိုကတည်းက ဖမ်းဖို့ ပြင်ဆင်လာတဲ့ သဘောရှိတယ်။ ဝတ်စုံပြည့်နဲ့ အင်အားတွေ အများကြီးနဲ့လာတယ်။ အဓိက အချက်ကတော့ ကလေးတွေက ရဲဘက်က တားမြစ်မှုအပေါ် သဘောတူပြီး တောင်းဆိုမှုတွေရပ်ပြီး လူစုခွဲပြန်မယ်လုပ်မှ အတင်းဝင်ဖမ်းတာ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၇၀ ခန့်ရှိလာပြီဖြစ်ပြီး တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ခေါင်းဆောင် အဆက်ဆက်က လုပ်ဆောင်နိုင်ခြင်းမရှိသေးပေ။
လက်ရှိအခြေအနေတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို သဘောတူ လက်မှတ်ထိုးထားသော အတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြန်ဖြစ်နေသလို NCA မထိုးရသေးသော အဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။