သတင်း

ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ

ရွေးကောက်ပွဲမှာ ရှုံးနိမ်သွားတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ အိမ်အဝင်အထွက်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ ထားလိုက်ပြီဖြစ်ကြောင်း Free Malaysia Today သတင်းကဆိုပါတယ်။

Sentul နယ်မြေ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ မိုဟာမက် ရာဖစ် မိုဟာမက် မူစတာဖာရဲ့ ပြောကြားချက်အရ Sentul နယ်မြေ ရဲစခန်းမှ ရဲများဟာ နာဂျစ်ရဲ့ အိမ်အဝင်အထွက်ကို စောင့်ကြည့်ဖို့ နေရာယူထားကြောင်း သိရပါတယ်။

မျက်မြင်သက်သေတွေ ပြောကြားချက်အရ နာဂျစ်ရဲ့ အိမ်အဝင်မှာ ရဲ ၅ ဦးချထားတာကို တွေ့ရပြီး၊ ရဲလှည့်ကင်းတွေဟာ လည်း လှည့်လည်နေသလို ဖြတ်သွားတဲ့ လူများ ကားများကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

မီဒီယာသမားတွေကိုလည်း အဲဒီနေရာတဝိုက်ကို ယနေ့ ဝင်ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။

နာဂျစ်ဟာ သူအာဏာရစဉ်က နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေလုပ်ငန်း (1MDB)က အမေရိကန်ဒေါ်လာ သန်း ၇၀၀ကို အပျောက်ရိုက်ခဲ့ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခံထားရသူဖြစ်ပါတယ်။

မနေ့ကတော့ မိသားစုနဲ့ ပြည်ပကို အပန်းဖြေခရီးထွက်ဖို့ ပြုလုပ်စဉ်မှာပဲ မလေးရှားလူဝင်မှု ကြီးကြပ်ရေးက နာဂျစ်ကို နာမည်ပျက် စာရင်းသွင်းကာ ပြည်ပထွက်ခွင့် ပိတ်လိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ အိမ်(Malay Siakini)

ပြီးခဲ့တဲ့ တပတ်ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ မလေးရှား ရွေးကောက်ပွဲ နာဂျစ်ဟာ ဝန်ကြီးချုပ် ဟောင်းဖြစ် ခဲ့သူ အသက် ၉၂နှစ်အရွယ် မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာကတော့ အတိုက်အခံတွေ အနေနဲ့ လက်စား ချေတာတွေ လုပ်မှာမဟုတ်ဘူး ဒါပေမယ့် တရားဥပဒေ စိုးမိုးရေး ရဖို့ လုပ်ဆောင် မှာဖြစ်တယ်လို့ ဆိုထားပေမယ့် နာဂျစ် အာဏာရှိစဉ်က ဖြစ်ပျက်ခဲ့တဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးခံရမယ့် သဘောရှိပါတယ်။

နာဂျစ်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် သူဦးဆောင်ခဲ့တဲ့ ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် – UMNO ပါတီ ဥက္ကဋ္ဌ ရာထူးအပြင် အာဏာရ ညွှန်ပေါင်းအဖွဲ့ Barisan Nasional ခေါ် အမျိုးသားတပ်ဦးရဲ့ သဘာပတိနေရာကနေ မနေ့က နှုတ်ထွက်ပေးလိုက်ရတယ်။

ဒါပေမယ့် Reuters သတင်းမှာဖော်ပြတဲ့ နာဂျစ်မိသားစုပိုင်ဆိုင်တဲ့ ဇိမ်ခံကွန်ဒိုကြီးကို ရဲက ဝင်စီးနင်းတယ်လို့ ဆိုတာဟာ မဟုတ်မှန်ကြောင်း မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ ကွမ် ဓာတု ဆရီ မက်ဇ်လန် လာဇမ်က ငြင်းဆိုပါတယ်။

နာဂျစ်ဟာ သူအာဏာရှိစဉ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးကို ခုတုံးလုပ်ပြီး သူ့ရဲ့ နိုင်ငံရေး တက်လှမ်းဖို့ လုပ်ဆောင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ

မလေးရှားရွေးကောက်ပွဲတွင် မဟာသီယာ အနိုင်ရ

တကျော့ပြန် ဝန်ကြီးချုပ် သက်ကြားအို မဟာသီယာ

မလေးရှား ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ၅ ခု

Loading