ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အတွင်း အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်ကိုရှုတ်ချပြီး ပိုမိုဆိုးရွားသည့် စစ်ရေးအခြေအနေများ မဖြစ်ပွားစေရန် နှစ်ဖက်တွေ့ဆုံဆွေးနွေးသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယနေ့ ထုတ်ပြန်ကြေငြာချက်တစောင် ထုတ်ကာတိုက်တွန်း ပြောဆိုလိုက်သည်။
တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ် အနီးတွင် ရှိပြီးတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံပိုင်နက်ထဲသို့ မြန်မာနိုင်ငံဘက်မှ လူအချို့ ပြေးဝင်လာကြောင်း၊ တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ ပြည်သူများ သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအတွက်လည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ သံရုံးသည် ၎င်းအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချ၍ သက်ဆိုင်ရာ အရပ်သားများ၏ အပြစ်မရှိသေဆုံးခြင်း အတွက် စိတ်နာ ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူဆယ်မြို့နယ်အတွင်း ရှိမူဆယ်- နမ့်ခမ်းမြို့ ကားလမ်းမ ပန်ခမ်းတံတားအနီးရှိ နမ့်ခမ်းမြို့မ ဌာနေပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကင်းစခန်း၊ ထိုတံတားအနီးရှိ L7 အမည်ရှိလောင်းကစားရုံ၊ စယ်လန့်ကျေးရွာထိပ်၊ မန်ဝိန်းဂိတ်နှင့် နမ့်ခမ်းမြို့မ ဌာနေပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်စံ၏ နေအိမ်တို့ကို မေလ ၁၂ရက် ၊ မနက် ၅ နာရီဝန်းကျင်က ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဒုရဲအုပ် ၁ ဦးအပါအဝင် အရပ်သားများ ဖြစ်သည့် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိထားကာ ထိုထဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ်သားများ ဖြစ်သည့် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီးတို့ ပါဝင်သည်။
TNLA ၏ တိုက်ခိုက်မှုကြောင့် L7 လောင်းကစားရုံမှ တရုတ်ဝန်ထမ်း ၃၀ ခန့်လည်း တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ ဘက်သို့ ထွက်ပြေးသွားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက ၎င်း၏ ထုတ်ပြန်ချက် တွင် “ စစ်ရေးပဋိပက္ခတွေ ပိုမကြီးမားဖို့ နှစ်ဖက်တွေ့ဆုံမှုတွေ လုပ်မှ နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်မှာ ဖြစ်သလို နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဘဝတွေ ပိုင်ဆိုင်မှုတွေကိုလည်းလုံခြုံမှု အာမခံနိုင်မှာ ဖြစ်တယ်”ဟုလည်း ဖော်ပြထားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်မှ ညှိနှိုင်းပြီးအပြန်အလှန် ယုံကြည်မှုကို ရရှိစေရေး ဆောင်ရွက်ရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အပြုသဘောဆောင် လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
မူဆယ်မြို့နယ်အတွင်းတိုက်ပွဲများမှ တပ်မတော်နှင့် TNLA တို့အကြား နှစ်ဖက်ပစ်ခတ်ကြသည့် လက်နက်ကျည်များမှာ တရုတ်နိုင်ငံအတွင်းသို့လည်း ကျနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးကဆိုသည်။
မြန်မာအစိုးရ အနေဖြင့် မကြာမီ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအတွက် အာရုံစိုက် ပြင်ဆင်နေသည်ကိုသိရှိကြောင်း နှင့် တရုတ်နိုင်ငံဘက်မှလည်း လိုအပ်ချက်များကို တတ်တတ်ကြွကြွ ကူညီနေကြောင်း၊ မြန်မာပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ကိုဖျက်ဆီးသည့် အပြုအမူများကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မူဆယ်မြို့တွင်းတိုက်ခိုက်မှုှနှင့် ပတ်သတ်၍ TNLA က ၎င်းတို့ တဖွဲ့တည်းလာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားပြီး တိုက်ခိုက်ရခြင်း ရည်ရွယ်ချက်မှာ TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေများတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုကိုခံနေရခြင်းကြောင့် တန်ပြန်စစ်ဆင်ရေး အသေးစားတခု ပြန်လည်ပြုလုပ်ခြင်း ဖြစ်ကြောင်းပြောသည်။
ထို့ပြင် TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က တိုက်ခိုက်မှုတွင်အဓိကပါဝင်သည့် L7 လောင်းကစားရုံမှာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အကာကွယ်ပေးကာ ဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေခြင်းကြောင့် ဖြစ်သည်ဟုပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးကင်းများကို KIA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက် အကြမ်းဖက်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး လောင်းကစားရုံတိုက်ခိုက် ခံရခြင်းနှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားခြင်းမရှိပါ။
တပ်မတော်က အကြမ်းဖက်တိုက်ခိုက်လာသည့် KIA/TNLA တို့ကိုနယ်မြေဆက်လက် ရှင်းလင်းသွားမည် ဟုလည်းမေလ ၁၂ ရက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။