အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုယ်စားလှယ် အချင်းချင်း ကန့်ကွက်ခံရသဖြင့် မင်းဘူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း တင်သွင်းသည့် ပညာရေးကဏ္ဍနှင့် သက်ဆိုင်သော အဆိုတခုမှာ ဆွေးနွေးခွင့် မရရှိဘဲ မဲခွဲမှုဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
ယခင် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ရှိစဉ်က ယခုလို ပါတီဝင် အချင်းချင်း တင်ပြသည့် အဆိုတခုကို ကန့်ကွက်သည်အထိ ပြန်လည် ချေပပြောဆိုပြီးနောက် မဲခွဲရှုံးနိမ့်မှုမျိုး ပြည်သူ့လွှတ်တော်တွင် မကြုံဖူးသေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောသည်။
ဦးဝင်းဝင်း တင်ပြသည့်အဆိုမှာ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေး ဝန်ထမ်းများအား ၎င်းတို့၏ မိသားစုနှင့် အနီးဆုံးရှိ ရာထူးတာဝန်နှင့် ကိုက်ညီသော စာသင်ကျောင်းများတွင် ဦးစားပေးတာဝန် ချထားပေးနိုင်ပါရန် အစီအစဉ်များ ရေးဆွဲ၍ အကောင်အထည်ဖော်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတခု ဖြစ်သည်။
ယင်းအဆိုကို ကန့်ကွက်သူ NLD ပါတီမှ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက “ကိုယ့်ဒေသခံတွေကို ကိုယ့်ဒေသမှာ ထားမယ်ဆိုတာ ကောင်းပါတယ်။ သို့သော်လည်း ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဒေသခံ ဆရာ မရှိဘူး။ ဒါကြောင့်မို့လို့ ပညာရေးဌာနက သင့်လျော်သလို စီစဉ်တာပဲ ကောင်းမယ်ထင်လို့ ကန့်ကွက်တာပါ။ ဒီစာရွက်ကို တနေ့ ကတည်းက ပေးထားတာပေါ့လေ။ ဖတ်ကြည့်လိုက်တော့ မဖြစ်သင့်ဘူးဆိုပြီး ကန့်ကွက်တာ”ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီက တင်သွင်းသည့်အဆိုတခု ဖြစ်သော်လည်း လွှတ်တော်ထဲတွင် ပါတီစွဲ မထားဘဲ အကြောင်းအရာပေါ် မူတည်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်သား ဘဝတွင် နယ်စုံ ရောက်ခဲ့သူဖြစ်၍ ပညာရေး ဝန်ထမ်းများ၏ အခက်အခဲများကို သိကြောင်း၊ ဆရာ မလာ၍ မဖွင့်နိုင်သည့် ကျောင်းများစွာလည်း တွေ့ဖူးကြောင်း ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးအောင်ဝင်းက ပြောသည်။
ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကလည်း “ဒီကနေ့ အဆိုက ကျမကတော့ လက်တွေ့မကျဘူးလို့ ထင်တယ်။ ကျမတို့နိုင်ငံမှာ ဒေသအလိုက်၊ သူ့အချိုးအစား အလိုက် တာဝန်ထမ်းဆောင်နိုင်တဲ့ ဆရာ၊ ဆရာမတွေ မွေးထုတ်ထားတာ မဟုတ်ဘူး။ တခြားဒေသကလူကလည်း အဲဒီဒေသမှာ သွားပြီးတော့ တာဝန် မထမ်းဆောင်ချင်ဘူးဆိုရင် ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။ အဲဒီအချက် တခုတည်းနဲ့ ဒီအဆိုက သဘာဝမကျဘူးလို့ ပြောချင်တယ်”ဟု ပြောသည်။
အဆိုရှင် ဦးဝင်းဝင်းကမူ ယခုအဆိုကို လက်တွေ့ခံစားနေရသည့် ပညာရေး ဝန်ထမ်းများ ကိုယ်စား တင်ပြခဲ့သော်လည်း ဆွေးနွေးခွင့်ပင် မရဘဲ ပယ်ချခံရသည့်အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း၊ သို့သော် ပြဿနာများကို ပညာရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။
“ကိုယ်မျှော်လင့်ထားတာက ပညာရေး လောက ကောင်းဖို့အတွက် ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဆွေးနွေးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ သို့သော်လည်း မထင်မှတ်ဘဲနဲ့ ထကန့်ကွက်တယ်ဆိုတော့ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်တဲ့ အဖြေကိုပဲ စောင့်ရတဲ့အခါ ကန့်ကွက်မဲက များတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ဘူး”ဟု ၎င်းက ပြောသည်။
မိသားစုနှင့် ဝေးရာ တခြားဒေသအသီးသီးသို့ ရောက်ရှိနေသည့် ပညာရေး ဝန်ထမ်းများသည် ကိုယ်ဒေသသို့ ပြန်လိုသည့်အခါ ၎င်းတို့၏ ၆ လစာခန့်အထိ ငွေကြေးများ ပေးရကြောင်း၊ လူကြီးဖြစ်သူနှင့် အကပ်ကောင်းမှသာ ပြန်လည် ရောက်ရှိခြင်းမျိုး ရှိပြီး တချို့မှာလည်း ထိုကိစ္စများကို ပွင့်ပွင့်လင်းလင်း မပြောဆိုရဲကြကြောင်း ဦးဝင်းဝင်းက ရှင်းပြသည်။
“ဒါကြောင့်မို့လို့ အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် စိတ်မကောင်းတော့ ဖြစ်မိတာပေါ့။ ဘယ်လို ခံစားရလဲဆိုတော့ တယောက်နဲ့ တယောက်က အမြင်ချင်းတော့ မတူဘူးပေါ့နော်။ ကျနော်ကတော့ ပညာရေးလောကမှာ လက်တွေ့ တာဝန်ထမ်းဆောင်နေတဲ့သူတွေရဲ့ ခံစားချက်ကို ဖြေလျော့ပေးချင်လို့ တင်ပြခဲ့တာပါ”ဟု ၎င်းက ဆက်လက် ပြောပြခဲ့သည်။
ယခုအဆိုကို လက်ခံဆွေးနွေးရန် ကန့်ကွက်သူ ရှိသဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၁၈ ဦး၊ ကန့်ကွက်သူ ၂၂၆ ဦးနှင့် ကြားနေသူ ၇ ဦး ရှိခဲ့၍ ဆွေးနွေးခွင့်ပင် မရခဲ့ကြောင်း သတင်းရရှိသည်။