အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများကို ၎င်းတို့လုပ်ဆောင်ကြောင်း အကြမ်းဖက်အဖွဲ့အစည်း IS ကဝန်ခံလိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆူရာဘာယာမြို့တွင် ဖြစ်ပွားသည့် ခရစ်ယာန်ဘုရားကျောင်း ၃ကျောင်းကို အသေခံဗုံးဖောက် ခွဲ တိုက်ခိုက်သည့်အတွက် ၂ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။
ထိုဖြစ်ရပ်တွင် ထူးဆန်းသည်မှာ လူ ၆ဦးပါ မိသားစုလိုက် အသေခံဗုံးဖောက်ခွဲခြင်းဖြစ်ပြီး၊ ဒီတာအို အီပရာတို၊ သူ့ဇနီး ပူဂျိကူစဝါတီနှင့် ကလေး ၄ ဦးတို့ဖြစ်ကြောင်း ရဲက ပြောသည်။
၎င်းတို့၏သားဖြစ်ကြသော အသက် ၁၆ နှင့် ၁၈နှစ် အသီးသီးရှိသူနှစ်ဦးက တနင်္ဂနွေနေ့ နံနက်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲသို့ ဆိုင်ကယ်စီးဝင်ရောက်လာကာ ဗုံးဖောက်ခွဲခဲ့ကြသည်။
ယင်းနောက် ဒီတာအိုအီပရာတိုသည် ဇနီးသည်၊ ၉ နှစ်နှင့် ၁၂ နှစ်အသီးသီးရှိကြသည့် သမီး နှစ်ယောက်ကို ခေါ်ဆောင်ကာ ဒုတိယမြောက်ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိပြီး ၎င်းတို့ ကိုပါ ဗုံးခွဲတိုက်ခိုက်စေသည်၊ ထိုနောက် အိုအီပရာတို သည် တတိယမြောက်ခရစ်ယာန်ဘုရား ကျောင်းပရဝုဏ်ထဲသို့ ပေါက်ကွဲမှုဖြစ်စေသည့်ပစ္စည်းများတင်ဆောင်လာသည့် မီနီဗင်ကို မောင်းဝင် ကာ နောက်ဆုံးဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။
ဗုံးခွဲသူမိဘနှစ်ပါးသည် အင်ဒိုနီးရှားနိုင်ငံသား အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဂျာမက်အန်ရှာရွတ်ဒူ ၏စေခိုင်းချက်အရ လုပ်ဆောင်သည်ဟု ယူဆပြီး၊ ယင်းအုပ်စုခေါင်းဆောင်သည် ၂၀၁၄ ခုနှစ်တွင် ISIS ထံ သစ္စာခံခဲ့သည်။
ယနေ့နံနက်တွင်လည်း အဆိုပါ ဆူရာဘာယာမြို့ရှိ ရဲစခန်းကို မော်တော်ဆိုင်ကယ် စီးလာသည့် လူ ၂ဦးက အသေခံဗုံးခွဲခဲ့ သေးသည်။
ဤသည်ကို ကြည့်ချင်းအားဖြင့် ဆီးရီးယားနှင့် အီရတ်တို့တွင် IS တို့၏ အဖျက်အမှောင့်လုပ်ရပ်များ လျော့ပါးကောင်း လျော့ပါးသွားမည်ဖြစ်သော်လည်း တခြားနေရာများတွင် ဆက်လက်ဖြစ်ပေါ်ဆဲဖြစ် ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
အင်ဒိုနီးရှာ သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်သည့် ၂၀၀၂ ခုနှစ် ဘာလီကျွန်းတိုက်ခိုက်ခံရမှုနောက်ပိုင်း အစိုးရက အကြမ်းဖက် မှုများကို ဖိဖိစီးစီး နှိမ်နင်းခဲ့ရာ ထူးခြားသည့်ချွင်းချက်များရှိသော်လည်း အတိုင်းအတာတခုအထိ အောင်မြင်မှုရခဲ့သည်။
သို့သော် အင်ဒိုနီးရှားနိုင်ငံသား ရာနှင့်ချီ၍ အီရတ်နှင့်ဆီးရီးယားတို့ရှိ ISIS ထံ သစ္စာခံခိုလှုံခဲ့ကြပြီး ယင်းအကြမ်းဖက် အုပ်စု က ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့မွတ်ဆလင်ဦးရေ အများဆုံးတိုင်းပြည်ဖြစ်သည့် အင်ဒိုနီးရှားကို ပစ်မှတ်ထားလာခဲ့သည်။
အင်ဒိုနီးရှားတိုက်ခိုက်မှု မဖြစ်မီ ဦးစွာပထမ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဓါးကိုင်ထားသူတဦးက “အလာဟူ အက္ကဘာ” ဟု အော်ဟစ်၍ မြင်မြင်သမျှ လမ်းသွားလမ်းလာများကို တိုက်ခိုက်ခဲ့ရာ ရဲက မပစ်သတ်မီအထိ ၎င်းဓါးသမားလက်ချက်ကြောင့် လူတဦးသေဆုံးပြီး လူ ၄ ဦးဒဏ်ရာရသွားခဲ့သည်။ ဓါးဖြင့်တိုက်ခိုက်ခဲ့သူမှာ ချေချင်ညှာ လူဝင်မှုကြီးကြပ်ရေးမှ ခန်ဇက် အေဇီမော့ဗ်ဖြစ်ပြီး ISIS တို့ထံ သစ္စာခံထားသောဖုန်းဗီဒီယိုဖိုင်ကိုတွေ့ရသည်။ အဆိုပါဖုန်းဗီဒီယိုဖိုင်ကို ယင်းအုပ်စုက ၎င်းသေဆုံးပြီး နောက်တနေ့တွင် ထုတ်ဖော်ခဲ့သည်။
The New York Times သတင်း၏ မှတ်ချက်အရ ယခုတနင်္ဂနွေနေ့တိုက်ခိုက်မှုသည် ရာမာဒန်ဥပုသ်မတိုင်ခင် ISIS က တိုက်ခိုက်လေ့ရှိသည့် အခါရာသီဖြစ်ကြောင်း၊ ပြီးခဲ့သည့် သုံးနှစ်ကလည်း အလားတူအကြမ်းဖက်တိုက်ခိုက်မှုအရှိန်ကို ယင်းအခါရာသီတွင် တိုးမြှင့်ခဲ့သည့်သာဓကရှိကြောင်း သုံးသပ်ထားသည်။
“အခုလို ပီပြင်ထင်ရှားတဲ့တိုက်ခိုက်မှုမျိုးကို ဒီအုပ်စုက ဒီလိုအချိန်မျိုး လုပ်တတ်တယ်လို့ အကဲခတ်သမားတွေက ယူဆကြတယ်။ ပြီးခဲ့သည့်သုံးနှစ်ကလည်း ရာမာဒန်ဥပုသ်လအတွင်းမှာ တိုက်ခိုက်ခဲ့ကြတယ်။ ဒီအကြမ်းဖက်အုပ်စုက နယ်မြေစွန့်လွှတ်လိုက်ရပေမယ့် တိုက်ခိုက်မှုဆက်လုပ် နိုင်သေးတယ်ဆိုတာကို ခြိမ်းခြောက်လိုက်တာပဲဖြစ်တယ်” ဟု နယူးယောက်တိုင်းမ်သတင်းစာက ရေးသားထားသည်။