ပြီးခဲ့သည့် ၅ လခန့်က ဖြစ်ပွားခဲ့သော အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကွပ်ကွဲရေးဌာန (FDA) မှ ဒုဦးစီးမှူး အမျိုး သမီး အဓမ္မပြုကျင့် အသတ်ခံရသည့်အမှုအား လာမည့်ဇွန်လဆန်းပိုင်းတွင် အပြီးသတ် အမိန့်ချနိုင်ဖွယ်ရှိကြောင်း သိရသည်။
စွပ်စွဲခံထားရသူ မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုး က “ရှေ့တပတ်စစ်ပြီးရင် လျှောက်လဲချက်ပေးရတော့မယ်။ ဇွန်လဆန်းပိုင်းလောက်ဆို အမိန့်ချနိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။
၁၄ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် လာမည့် မေလ ၂၁ ရက်၌ ခံပြသက်သေ ၂ ယောက် စစ်ဆေးပြီးပါက လျှောက်လဲချက် တင်ရတော့မည်ဖြစ်၍ ယင်းသို့ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယနေ့ မေလ ၁၄ ရက်၌ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး (ခ) ဆီဒိုးနားဆိုသူကို ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီးနောက် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့် သတ်ခံခဲ့ရသည့်အမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦးက ၎င်းအား ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့သော ဖြောင့်ချက်ကို ယနေ့ရုံးချိန်း၌ ပြန်လည်ရုပ်သိမ်းရန် လျှောက်ထား မည်ဆိုသောအခါ တရားသူကြီးက မလိုတော့ကြောင်း ပြောဆိုခဲ့သည်ဟု ပြန်လည်ပြောပြသည်။
ယနေ့ရုံးချိန်းတွင် တရားသူကြီးက ဖမ်းဆီးခံထားရသူ မျိုးဇော်ဦးကို မေးခွန်း ၁၀ ခွန်း မေးမြန်းခဲ့သည့်အနက် အဓမ္မပြုကျင့်မှု၊ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု၊ လုယက်မှုတို့နှင့် ပတ်သက်၍ မျိုးဇော်ဦးက ငြင်းဆိုခဲ့ကြောင်း သိရသည်။
လူသတ်မုဒိမ်းမှုကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ အသက် ၂၇ နှစ်အရွယ် အငှားယာဉ်မောင်း မျိုးဇော်ဦးကို ပုဒ်မ ၃၀၂ (လူ သတ်မှု)၊ ပုဒ်မ ၃၉၄ (လုယက်မှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု) တို့ဖြင့် တရားစွဲဆို ထားခြင်း ဖြစ်သည်။
ဦးမောင်မောင်စိုး က “တရားခံဟာ သူတို့စွဲဆိုထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့အကြောင်း ဝန်မခံထားဘူး။ သူ့ထွက်ချက်တွေထဲမှာလည်း ဝန်ခံရာ မရောက်ဘူး။ အကောင်းဆုံးတော့ စစ်ပေးထားတာပဲ။ ရှေ့နေတယောက်အနေနဲ့ စေတနာပါပါ တကယ့်ကို သေချာကြိုး စားပြီးတော့ ရုန်းကန်တာပဲ။ အမိန့်ချတာတော့ တရားသူကြီးအလုပ်ပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ရုံးချိန်းတွင် မျိုးဇော်ဦး (ခ) ဆီဒိုးနားအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ဂ)မှာ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
“အခုထက်ထိတော့ အမှုက မပြီးသေးပါဘူး။ စောင့်ကြည့်တုန်းဆိုတော့ ဘာထင်မြင်ချက်မှလည်း မပေးချင်သေးဘူး။ ဒါပေမယ့် ဥပဒေလမ်းကြောင်းအတိုင်း မှန်ကန်စွာသွားမယ်လို့ ယုံပါတယ်” ဟု သေဆုံးသူ FDA အမျိုးသမီးဝန်ထမ်း၏ အစ်မဝမ်းကွဲတော်စပ်သူ မချိုလွင်ဦးက ဧရာဝတီကို ပြောသည်။
ယင်းအမှုမှာ အငှားယာဉ်မောင်း မျိုးဇော်ဦးမှာ လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်သို့ ကားခ ကျပ် ၂၅၀၀ နှင့် လိုက်ပို့စဉ် လမ်း၌ အဲကွန်းဖွင့်ပေးသည့်အတွက် ၁ ထောင်ကျပ် ပိုပေးရန်တောင်းရာမှ စကားများခဲ့ရာ FDA ဝန်ထမ်း အမျိုးသမီးအား လည်ပင်းညှစ်ရာ သတိလစ်သွားခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။
ထိုနောက် အဆိုပါ အမျိုးသမီးအား ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းဘေး အမှောင် အရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ယာဉ်ပေါ်တွင် ပါလာသည့် ဝက်အူလှည့်နှင့် ၁ ချက်ထိုးခဲ့ကြောင်း မသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးနောက် အလောင်းအား ငမိုးရိပ်ချောင်း လက်ထက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။