တိုင်းရင်းသားဒေသများတွင် ထိုးစစ်များ ရပ်ဆိုင်းရေးနှင့် စစ်နယ်မြေအတွင်းပိတ်မိနေသော ပြည်သူများအမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမှုတွင် ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တိုု့က တရားစီရင်ရေးကို အယုံအကြည်မရှိဟု ဆိုကာ ရုံးထုတ်စစ်ဆေးမှု၌ တရားရုံးကိုသပိတ်မှောက်ခဲ့ကြသည်။
ဗကသများအဖွဲ့ချုပ်ဟောင်း ကိုသန်းထိုက် က “ကျနော်တို့က ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေကို အယုံအကြည်မရှိဘူး၊ အဲဒီလိုအယုံ အကြည်မရှိတဲ့အတွက် တရားရုံးရဲ့ တရားစီရင်ရေးကိုလည်း အယုံအကြည်မရှိဘူး။ ဒါကြောင့်လည်း တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရပ်စဲပစ်လိုက်တာပါ။ ဒီအတိုင်း ဆုံးဖြတ်ပြီးတော့ သပိတ်မှောက်တာဖြစ်တယ်” ဟု ပြောသည်။
တိုင်းရင်းသားဒေသများ၌ ထိုးစစ်များရပ်ဆိုင်းရေး၊ စစ်ပွဲများရပ်ဆိုင်းရေး၊ ပိတ်မိ ပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး အတွက် မန္တလေးမြို့တွင် မေလ ၈ ရက် ညပိုင်းက ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမှုတွင် ပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည့် ကိုသန်းထိုက်နှင့် ကိုုနှင်းအောင်တိုု့ကိုု မေလ ၁၄ ရက် နေ့လယ်ပိုင်းက အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။
ဗကသများအဖွဲ့ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုနှင်းအောင် ကလည်း “စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က တရားစီရင်ရေးကို အယုံအကြည်မရှိတော့တာကြောင့် ကျနော်တို့ တရားရုံးနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မေလ၈ရက် ညပိုင်းက ၂၆လမ်း၊ မန္တလေးစည်ပင်သာယာရုံးရှေ့ ကျုံးဘေးတွင် တိုင်းရင်းသားဒေသထိုးစစ်တွေရပ်၊ စစ်ရေးအကြမ်းဖက်မှု အလိုမရှိ၊ စစ်ဖြစ်ဒေသပိတ်မိပြည်သူများ လွတ်မြောက်ရေးနှင့် STOP WAR စာတန်းပါ ပိုစတာများထောင်ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆုတောင်းခဲ့ကြသဖြင့် အမှတ် ၅ မြို့မရဲစခန်းက (ပ)၂၄၄/၂၀၁၈၊ ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉) ဖြင့် ကိုသန်းထိုက်၊ ကိုနှင်းအောင်နှင့် ကိုရဲရင့်ကျော်တို့ သုံးဦးကိုအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုဖွင့်ခံရသူများအနက်မှ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်ကို မေ ၁၂ ရက် ညနေ ၅ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၇လမ်းနှင့် ၇၈ လမ်းကြားရှိ ဒိုင်းမွန်းပလာဇာတွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထားကောက်ခံမှု ပြုလုပ်နေစဉ် အမှတ် ၅ မြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ကိုသန်းထိုက်၊ ကိုနှင်းအောင်တို့နှင့်အတူ အမှုဖွင့်ခံထားရသည့် ကိုရဲရင့်ကျော် (ဗကသ-ဗဟိုကော်မတီဝင်ဟောင်း) မှာဖမ်းဆီးရမိခြင်း မရှိသေးပေသည်။
ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့သည် မေလ ၁၄ ရက်နေ့ ရုံးချိန်တွင် လက်ရှိကျင့်သုံး လုပ်ဆောင်နေသည့် တရားစီရင် ရေးကို အယုံအကြည် မရှိဟုဆိုကာ တရားရုံးအား သပိတ်မှောက်ခဲ့ပြီး တရားသူကြီး၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားမှု မပြုခဲ့ကြောင်း၊ ၎င်းတို့အား ဖွင့်လှစ်ထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)သည် အာမခံပေး၍ရသော်လည်း အာမခံရယူခဲ့ခြင်း မရှိသကဲ့သို့ တရားသူကြီး၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် တရားသူကြီးက မေလ ၁၈ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းပေးခဲ့ကြောင်း သိရသည်။
မန္တလေးတွင် စစ်ပွဲများရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် လူငါးဦးအထိ ဖမ်းဆီး အရေးယူခံထားရပြီးယင်း ၅ ဦးအနက်မှ ငြိမ်းချမ်းရေး ကဗျာကို ရွတ်ဆိုခဲ့သူ ကဗျာဆရာကလင့် (မန္တလေး) အား မေလ ၁၀ ရက်နေ့က ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ပြီးဖြစ်သည်။