ရခိုင်ပြည်နယ်မှ NVC ကတ် ကိုင်ဆိုင်ထားသူများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုခြင်းကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွေ့အကြုံများကို ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အကယ်၍ ပြန်လည်ရောက်ရှိလာသူများ NVC ကတ်များ ကိုင်ဆောင်ထားခဲ့လျှင် အစိုးရက လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာသင်ယူခွင့်၊ နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်ခွင့်များ ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ် အဖွဲ့၏ ရည်ရွယ်ချက်မှာ ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်ဆလင် ဒုက္ခသည် ၇၀၀၀၀၀ ခန့်က ထိုကိစ္စကို ယုံကြည်လက်ခံလာအောင် စည်းရုံးရန်ဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်းတွင် နယ်ခြားစောင့် စခန်းများတိုက်ခိုက်ခံရပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဒုက္ခသည်များ ထွက်ပြေးခဲ့ကြသည်မှာ လပေါင်းများစွာ ရှိပြီ ဖြစ်သည်။ မြန်မာ့တပ်မတော်သည် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း နှင့် မီးရှို့ခြင်းများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ကုလသမဂ္ဂက မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် လူမျိုးဖြုတ် သုတ်သင်မှု နမူနာတခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထားသည်။
ဒုက္ခသည်များက မယုံကြည်သော်လည်း ဒေါက်တာ ဝင်းမြတ်အေး၊ မွတ်ဆလင်နှင့် ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်များက NVC ကတ်၏ အားသာချက်များကို ရှင်းပြခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ကတ်ကိုင်ဆောင်ထားသူများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေး၏ ဖောင်များကိုဖြည့်စွက်ပြီး နောက် ၅ လ အတွင်း နိုင်ငံသားအဖြစ် ရရှိနိုင်ကြောင်းပြောဆိုခဲ့သည်။
ဒေါက်တာဝင်းမြတ်အေးပြောဆိုချက်ကို တုန့်ပြန်သည့် အနေဖြင့် ကြံ့ခိုင်ရေး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ၎င်းတို့ပါတီ အနေဖြင့် အစိုးရ၏ အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း နှင့် မဟာမိတ်ပါတီများ၊ အမျိုးသားရေး အင်အားစုများနှင့် အတူ ပြင်းထန်စွာ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း သတင်းထောက်များကို ရန်ကုန်မြို့ရှိပါတီ ဌာနချုပ်တွင် ပြောကြားခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ပါတီက အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ အရေးတကြီး အဆိုတရပ်တင်သွင်း သွားမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
ထိန်းချုပ်ရေးကိရိယာ NVC ကတ်
NVC ကတ်များကို ယခင်သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် ဝှိုက်ကတ်ကို ဖျက်သိမ်းပြီး ယာယီ သက်သေခံကဒ်ပြားအဖြစ် အစားထိုးသည့် အနေဖြင့် စတင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသည့် လူမျိုးတခု ဖြစ်သည့် ရိုဟင်ဂျာများသည် ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေး ဥပဒေနှင့် အညီ စစ်ဆေးရေးလုပ်ငန်းစဉ်တခုကို လုပ်ဆောင်ရမည် ဖြစ်ပြီး နိုင်ငံသားများ ဖြစ်မလာနိုင်မီ NVC ကတ်များကို လက်ခံရန် အစိုးရက ပြောကြားခဲ့ခြင်း ဖြစ်သည်။ NVC ကတ် ထုတ်ပေးခြင်းက နိုင်ငံသား ဖြစ်ခွင့်ပြုခြင်း မဟုတ်သော်လည်း ကတ်ကိုင်ဆောင်ထားသူများသည် လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုမှတဆင့် နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားနိုင်သည်။
ကြံ့ခိုင်ရေး ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ကတ်ကိုင်ဆောင်သူများကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုခြင်း မဟုတ်ကြောင်းကို NVC ကတ်ပေါ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ ဝင်းမြတ်အေး ရည်ညွှန်းသည့် ပုံစံ(၄) ခေါ် ခရီးသွားခွင့်ပြုချက်သည် နိုင်ငံသား မဟုတ်သူများ အတွက် ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ယခင်အစိုးရများလက်ထက်တွင် အဆိုပါပုံစံကို ခရီးသွားလာခွင့်၊ ကျန်းမာရေး နှင့် ပညာရေးကိစ္စများအတွက် ခွင့်ပြုချက် ထုတ်ပေးရာတွင် အသုံးပြုခဲ့ပြီး ရခိုင်ပြည်နယ်အပြင်ဘက်တွင် ၄၅ ရက်ထက် ကျော်လွန်၍ ခရီး သွားလာခွင့် မရှိပေ။ ထိုကာလ ကန့်သတ်ချက် အတွင်းတွင် ခရီးသွားပါက ဒေသဆိုင်ရာ အာဏာပိုင်များသို့ မရောက်ရှိမီ နှင့် ပြန်လည်မထွက်ခွာမီ ၂၄ နာရီ ကြိုတင်၍ အသိပေး အကြောင်းကြားရန် လိုအပ်သည်။
“ကျနော်တို့က ပုံစံ(၄)ကို ဧည့်စာရင်း ဥပဒေလိုမျိုး နိုင်ငံသား မဟုတ်သူတွေ ကို ထိန်းချုပ်တဲ့ ယန္တယားတခု အနေနဲ့ အသုံး ပြုတယ်။ တကယ်လို့ လူတိုင်းကို တပြည်လုံး လွတ်လပ်စွာ သွားခွင့် ပြုလိုက်မယ်ဆိုရင် ကျနော်တို့ ထိန်းချုပ်မှု ဆုံးရှုံးသွား ပြီ” ဟု ဒေါက်တာ နန္ဒာ လှမြင့်က ပြောသည်။
အကယ်၍ NVC ကတ် ကိုင်ဆောင်သူများကို လွတ်လပ်စွာ သွားလာခွင့် ပြုခဲ့လျှင် နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ အလွန်ပင် စိုးရိမ်သည်ဟု ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
“တကယ်လို့ ဒီယန္တယားမရှိတော့ဘူး ဆိုရင် တိုင်းပြည်အတွင်းကို အစွန်းရောက်တွေ ဝင်လာမှာကို ကျနော်တို့ ဘယ်လို တားဆီးမလဲ” ဟု သူက မေးခွန်းထုတ်သည်။ “ဒါကြောင့် ကျနော်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာပါ။”
ကြံ့ခိုင်ရေးပါတီက ပြည်သူလူထု၏ ထောက်ခံမှု နှင့် နိုင်ငံရေး အကျိုးအမြတ် ရရှိရန် ယခုအနေအထားကို ရယူခြင်း ဖြစ်သည်ဟု သူတို့ ယုံကြည်ကြောင်း ရခိုင်တိုင်းရင်းသား လူမှုရေးတက်ကြွလှုပ်ရှားသူ အချို့က ပြောကြသည်။ ကြံ့ခိုင်ရေးပါတီ၏ ပြောခွင့်ရသူက ၎င်းတို့အနေဖြင့် နောက်လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း တုန့် ပြန်ခဲ့သည်။
“ကျနော်တို့က အမျိုးသား အကျိုးစီးပွားကိုပဲ အလေးထားပါတယ်။ NLD က ဒီလုပ်ငန်းစဉ်မှာ လမ်းချော်နေတာကို ထောက်ပြနေတာပါ” ဟု သူက ပြောသည်။
NVC ကတ်အပေါ် ရခိုင်တို့အမြင်
ပုံမှန်အားဖြင့် အများ၏အမြင်တွင် ရခိုင်တိုင်းရင်းသားများသည် ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်ဆလင်များနှင့် ဆန့်ကျင်ဘက် ရပ်တည်လေ့ရှိကြသည်ဟု ယူဆလေ့ရှိကြသည်။ သို့သော်လည်း ယခုကိစ္စတွင်မူ ရခိုင်အမျိုးသားပါတီ(ANP) မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများက ကနဦး ငြိမ်သက်နေကြပြီး NVC ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာသွားလာခွင့် နှင့် ပတ်သက်၍ ကြံ့ခိုင်ရေး ပါတီ၏ ရပ်တည်ချက်ကို ဝေဖန်ခဲ့ကြသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ရခိုင်တိုင်းရင်းသား ၄၀ ကို messenger မှတဆင့် သဘောထားစစ်တမ်း ကောက်ယူမှု အသေးစား တခု ပြုလုပ်ခဲ့ပါသည်။ ပါဝင်သူများမှာ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တွင် အဓိက နေထိုင်သော တက်ကြွလှုပ် ရှားသူများ၊ နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်းများ နှင့် ပညာတတ် အလုပ်သမားများ ဖြစ်ကြပါသည်။ ပြန်လည်ဖြေကြားပေးခဲ့သူများထဲတွင် ၂၇ ဦးက NVC ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ သွားလာခွင့်ကို ထောက်ခံ ခဲ့ ကြပြီး ၂ ယောက်က ကန့်ကွက်၍ ၂ ယောက်က ကြားနေခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ဒီမေးခွန်းက ထောက်ခံတယ် သို့မဟုတ် မထောက်ခံဘူး ဖြေဆိုဖို့ အရမ်းခက်ခဲပါတယ်။ ဗမာလူမျိုးတွေ အရင်ဆုံးပြောကြပါစေတော့” ဟု ပြန်ကြားခဲ့သည်။
ရခိုင်တိုင်းရင်းသား တဦးဖြစ်သည့် ဦးဝင်းအောင်က NVC ကတ်သည် တချိန်က ကတ်ကိုင်ဆောင်သူများကို မဲပေးခွင့် ပြုခဲ့ သော ဝှိုက်ကတ် နှင့် အလားတူသည်ဟု ပြောသည်။ မဲပေးခွင့်သည် နိုင်ငံသားတဦး၏ အမြင့်ဆုံးသော အခွင့်အရေးများထဲ မှ တခုဖြစ်ပါသည်။ နောက်ပိုင်းတွင် ထိုအခွင့် အရေးကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
“တကယ်လို့ အရင်အစိုးရက ဒီကတ်ကိုင်ထားတဲ့သူတွေကို မဲပေးခွင့် ပေးခဲ့တယ်ဆိုရင် NVC ကတ်ကိုင်ထားတဲ့သူတွေ လွတ်လပ်စွာ သွားလာခွင့်ကို ကျနော်တို့က ဘာကြောင့် ကန့်ကွက်ရမှာလဲ။” ဟု သူက မေးခွန်းထုတ်သည်။
NVC အရှုပ်အထွေး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦး သိန်းဆွေက လွတ်လပ်စွာ သွားလာခွင့် နှင့် ပတ်သက်၍ ပြည်သူများက နားလည်မှု လွဲမှားနေကြောင်း နေပြည်တော်တွင် ဧပြီလ ၂၅ ရက်နေ့က ပြောကြားခဲ့သည်။ ယခုဖော်ပြနေသည်ထက် ပို၍ အဆင့်များစွာ ကျန်နေသေးသည် ဟုလည်းဆိုသည်။
“NVC ကတ် ကိုင်ဆောင်ထားတဲ့သူတွေက တနိုင်ငံလုံးက ဘယ်နေရာမဆို သွားလာနိုင်မယ်လို့ အခု မီဒီယာတွေမှာ လတ်တလောဖော်ပြနေတာတွေက မှားယွင်းပါတယ်” ဟု သူက ပြောသည်။
ခရီးသွားလာခွင့်မှာ ကန့်သတ်ထားဆဲ ဖြစ်ပြီး NVC ကတ်များမှာ နေထိုင်ကြောင်းကို အသိအမှတ်ပြုသည့် ကနဦး အဆင့် တခု သာဖြစ်သည်ဟု ဝန်ကြီး ဦးသိန်းဆွေ ၏ အဆိုအရသိရသည်။ ခရီးသွားလိုသူများအဖို့ ပုံစံ(၄) ကို ဖြည့်သွင်းပြီးနောက် လျှောက်ထားသူများ၏ အထောက်အထားများကို စစ်ဆေးခံရမည် ဖြစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်မပြုမီ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ နှင့် အညီ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ် နှင့် ဗဟို အစိုးရ၏ အတည်ပြုချက် လိုအပ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် အဆိုပါ ပုံစံကို မည်သို့ အသုံးပြုလိမ့်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။ လူဝင်မှုကြီးကြပ်ရေး ပုံစံ နှင့် ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ရှင်းလင်းပြောဆိုခဲ့ခြင်း မရှိပါ။ အဆိုပါပုံစံ (၄) ကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ခေတ်က ဖန်တီးခဲ့ ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို ခရီးသွားလာခွင့် ကန့်သတ်ရန် အဓိက ဦးတည်ထားသည်။ ထိုအချိန်က ရခိုင်ပြည်နယ်မှ မွတ်ဆလင်များသည် ရခိုင်ပြည်နယ် အပြင်ဘက်သို့ ခရီးသွားလိုပါက ပြည်နယ် အစိုးရနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေး မှူး တို့ထံမှ ထောက်ခံစာ တစောင်လိုအပ်ပါသည်။
NVC ကတ်နှင့်ပတ်သတ်ပြီး အစိုးရ၏ မူဝါဒသစ်တခုကို ဒေါက်တာဝင်းမြတ်အေး ပြောဆိုခဲ့ခြင်း ဟုတ်/မဟုတ်ကလည်း မသဲကွဲသေးသလို အဆိုပါ ဖောင်ပုံစံ (၄) ကို ပယ်ဖျက်ရန် NLD အမတ်အများစု လွှမ်းမိုးထားသည့်လွှတ်တော်တွင် မတင်သွင်းသေးသ၍ NVC ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ ခရီးသွားလာခွင့်မှာ ယခင်မူလအတိုင်း ကန့်သတ်ချက်များဖြင့် ကျန်နေဦးမည်ဖြစ်ပါသည်။ ပြည်ထောင်စု ဝန်ကြီးများ၊ NLD နှင့် ကြံ့ခိုင်ရေးပါတီမှ ထိပ်တန်း ပုဂ္ဂိုလ်မျာ၏ ပြောဆိုမှုများက NVC ကတ်နှင့် လွတ်လပ်စွာခရီးသွားလာခွင့်ပေးရေးကိစ္စရပ်ကို တယောက်တမျိုးစီ အဓိပ္ပာယ်ဖွင့်ဆိုပြီး ရပ်တည်ချက်များလည်း ကွဲပြားနေပါသည်။
လူမှုဝန်ထမ်း ဝန်ကြီးက NVC ကတ်များ၏ အကျိုးကျေးဇူးကို ထပ်တလဲလဲ ရှင်းပြနေသော်လည်း ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင် မြို့နယ်များရှိ မွတ်ဆလင်များကို ခရီးသွားလာမှု ကန့်သတ်ထားပြီး လက်ရှိ အချိန်တွင် အနီး အနားမှ မွတ်ဆလင် ကျေးရွာများသို့ သွားရောက်လည်ပတ်လိုလျှင်ပင် ကျေးရွာ တာဝန်ရှိသူများ နှင့် ဒေသ အာဏာပိုင် များထံမှ ထောက်ခံစာများ လိုအပ်ပါသည်။ လက်ရှိ အချိန်တွင် လက်တွေ့၌ NVC ကတ်က အလုပ်မဖြစ်ကြောင်း နှင့် NVC က ရိုဟင်ဂျာ များအတွင် ပဟေဠိ တခုအနေဖြင့် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြ နေပါသည်။
“အခုအချိန်မှာတောင်မှ ကျနော်တို့က ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါရင် အနီးအနား က ကျေးရွာတွေကို သွား ခွင့် မရဘူး။ NVC ကို ကျနော်တို့ ဘယ်လို ယုံကြည်ရမှာလဲ” ဟု ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် အမျိုးသား တဦးက ဆိုသည်။
(အင်္ဂလိပ်ဘာသာဖြင့် Despite Govt Efforts, Divide Persists Over Rohingya Freedom of Movement တွင် ဖတ်ပါ။)