နေပြည်တော် ဘူတာကြီး အနီး၌ တည်ဆောက်ထားသည့် မြန်မာ့ မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ မှာ စတင် လည်ပတ်နေပြီ ဖြစ်ကာ ၂၀၁၉ ခုနှစ် မတ်လ အကုန်တွင် စက်ခေါင်း ၁၀ ခေါင်း ထုတ်လုပ်သွားမည်ဟု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ မီးရထား လုပ်ငန်းမှ စက်မှု အထွေထွေ မန်နေဂျာ ဦးမြင့်နိုင်က “အခုစတင်လည်ပတ်နေပါပြီ။ ၂၀၁၉ မတ်လ အကုန် မှာ ၁၀ ခေါင်း အပြီး ထုတ်လုပ်မယ်။ အသုံးပြုမယ့် စက်မှာ အမေရိကန်က စက်တွေ အသုံးပြုမှာပါ။ ကျန်တဲ့ အစိတ်အပိုင်း ကတော့ တရုတ် ပစ္စည်းများကို အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းစက်ရုံမှ အသစ်စက်စက် စက်ခေါင်းများ ထုတ်လုပ်သွားမည် ဖြစ်ကာ နောက်ပိုင်း၌ ယင်း စက်ရုံမှ တနှစ်လျှင် စက် ခေါင်း အရေအတွက်၂၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း စက်ခေါင်းတခေါင်း၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁.၃၈၅ မီလီယံ ကုန်ကျမည် ဟု ဦးမြင့်နိုင်က ပြောသည်။
နေပြည်တော်ရှိ အဆိုပါ စက်ရုံကို ၂၀၁၄ ခုနှစ်၌ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ကုန်တန်ချိန် ၅၀၀ မှ ၁၅၀၀ အထိ တင်ဆောင်နိုင်ပြီး ၁ နာရီလျှင် ကီလိုမီတာ ၁၀၀ ထိ ပြေးဆွဲနိုင်မည့် အမြင့်ဆုံး စက်ခေါင်းမှာ မြင်းကောင်ရေအား ၂ ထောင် အထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“သူက စက်ခေါင်း အသစ်ဖြစ်တဲ့အတွက် မြင်းကောင်ရေကလည်း များတော့ လုံခြုံ စိတ်ချမှုမှာ ကျန်တဲ့ စက်ခေါင်းတွေ ထက် သာပါတယ်။ အမြန်နှုန်းကလည်း ၁၀၀ ကီလိုမီတာထိ မောင်းလို့ရမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။
မြင်းကောင်ရေ ၂ ထောင်အားရှိသည့် စက်ခေါင်း ၁ ခေါင်းသည် ရန်ကုန်-မန္တလေး မြေပြန့်လမ်း လူစီးရထားတွဲ ၂၀ နှင့် ကုန်တွဲ ဖြစ်ပါက ၁ တွဲလျှင် တန်ချိန် ၅၀ ရှိသည့် တွဲ ၃၀ နှင့် ပြေးဆွဲနိုင်မည် ဖြစ်သည်ဟု သိရသည်။
ယင်းစက်ရုံမှ ထွက်ရှိလာသည့် စက်ခေါင်းများကို ရန်ကုန်- မန္တလေး၊ မန္တလေး- မြစ်ကြီးနား၊ မန္တလေး- လားရှိုး၊ ရန်ကုန်-မော်လမြိုင် စသည့် လူစီးအများဆုံး ဖြစ်သည့် လမ်းပိုင်းများ၌ အသုံးပြု ပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါ စက်ခေါင်း စက်ရုံ စတင် လည်ပတ်ချိန်တွင် ဝန်ထမ်းအင်အား ၄၅၀ ဦးနှင့် စတင် လည်ပတ်လျှက် ရှိပြီး တရုတ် ပညာရှင်များက စက်ခေါင်း စက်ရုံတွင် ၁ နှစ်နေထိုင်ကာ ပြည်တွင်းပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်း နောက်ပိုင်း၌ မြန်မာနိုင်ငံမှ ပညာရှင်များ ကိုယ်တိုင် ထုတ်လုပ်သွားမည် ဖြစ်သည်။
လက်ရှိ ပြည်တွင်းတွင် ပြေးဆွဲနေသည့် မီးရထားစက်ခေါင်း ၄ ရာကျော်ရှိသည့် အနက် ထက်ဝက်ခန့်သည် သက်တမ်း လွန်နေပြီး လူစီးတွဲ ၁၂၀၀ ခန့်၏ ၄ ပုံ ၁ ပုံသည် သက်တမ်းလွန်နေသည့် အတွက် ပြန်လည် ပြုပြင် အသုံးပြုနေကြောင်း မြန်မာ့ မီးရထား လုပ်ငန်းမှ သိရသည်။