မွန်ပြည်နယ် မော်လမြိုင်မြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြား အတု ကိုင်ဆောင်ခဲ့သည့် လှိုင်ရပ်ကွက် အုပ်ချုပ် ရေးမှူးတဦးအား တရားစွဲဆိုထားရာ ၃ လကျော်သည့်တိုင် အရေးယူမှု တစုံတရာ မရှိသေးကြောင်း သတင်း ရရှိသည်။
လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား အတု ကိုင်ဆောင်မှုနှင့် မော်လမြိုင် မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ဦးစီးမှူး ဦးအေးမင်းက အမှုဖွင့် ထားခြင်းဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ် မြေ ရဲစခန်းမှ သိရသည်။
ယင်း ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်မျိုးဟိန်းက “ဥပဒေ အကြံတောင်းတာ နှစ်ခေါက် တင်ပြီးသွားပြီ။ ဥပဒေ ရုံးကနေ လိုအပ်တာတွေ ထပ်လုပ်ခိုင်းလို့ မနက်ဖြန် ထပ်တင်မယ်” ဟု ဧရာဝတီကို ပြောသည်။
ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှ အမှုအား စစ်ဆေးခဲ့ပြီးနောက် တရားရုံး၌ တရားစွဲနိုင်ရန် လိုအပ်ချက်များရှိနေ၍ ဒုတိယအကြိမ်အဖြစ် ပြန်လည်စစ်ဆေးကာ ဧပြီ ၂၃ ရက်တွင် ဥပဒေအကြံပြု ထပ်မံတောင်းခံခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထို့နောက် သက်သေများ လိုအပ်ခြင်းကြောင့် ထပ်မံ စစ်ဆေးမှုပြုလုပ်ပြီး မေ ၁၅ ရက်တွင် တတိယ အကြိမ် တရားရုံးထံ ဥပဒေ အကြံပြု တင်သွားမည်ဟု ဒုရဲအုပ် အောင်မျိုးဟိန်း က ပြောသည်။
၂၀၁၄ ခုနှစ်က လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးရာ၌ ဦးဝင်းလွင်ဦးသည် နိုင်ငံသား စိစစ်ရေး ကတ်ပြား အတု နှင့် အရွေးချယ်ခံ ခဲ့သည်ဟု မော်လမြိုင်ခရိုင် လဝက ဦးစီးမှူးရုံးက၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် မော် လမြိုင် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ပေးပို့သည့် စာအရ သိရသည်။
အဆိုပါ စာ၌ ဦးဝင်းလွင်ဦး၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားမှာ သထုံမြို့နယ် လဝက ရုံးမှ တရားဝင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးခဲ့သော ကတ်ပြား မဟုတ်ကြောင်းနှင့် ယင်း နံပါတ်မှာ သထုံမြို့ ဘင်လှိုင် ရပ် ကွက်နေ ဒေါ်ချိုအေး၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား နံပါတ်ဖြစ်ကြောင်း ဖော်ပြထား သည်။
ယင်းစာ၌ ၁၉၉၉ ခုနှစ်က မုံရွာမြို့၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလုံး ပြိုင်ပွဲ အတွက် စခန်းဝင် လေ့ကျင့်စဉ် ဘောလုံးအသင်း အုပ်ချုပ်သူ ဦးသန်းနိုင်(ကွယ်လွန်)မှ ဦးဝင်းလွင်ဦးကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၀/သထန (နိုင်) ၀၉၉၈၇၁ အား ထုတ်ပေးခဲ့ကြောင်း ပါရှိသည်။
ယင်းကိစ္စကြောင့် အုပ်ချုပ်ရေးမှူး အသစ်ကို တတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် အညီ အမြန်ရွေးချယ် ဆောင်ရွက်သွားရန် လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေး အဖွဲ့ထံ မေ ၄ ရက်က အကြောင်းကြားခဲ့ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ဥပဒေ အတိုင်းပါပဲ။ သူက(ဦးဝင်းလွင်ဦး) စည်းမျဉ်း ဥပဒေအရ တရားစွဲခံ ထိတယ်။ ဘယ်အုပ်ချုပ်ရေးမှူးပဲ ဖြစ်ဖြစ်လေ တရားစွဲခံထားရရင် ခေတ္တဆိုင်းငံတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ၌ ဦးဝင်းလွင်ဦးမှာ မှတ်ပုံတင် အတု ကိုင်ဆောင်မှုနှင့် တရားစွဲဆို ခံနေရသော်လည်း အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် လုပ်ကိုင်လျှက် ရှိနေကြောင်း သိရသည်။
ဦးဝင်းလွင်ဦးသည် နိုင်ငံသား စိစစ်ရေးကတ်ပြား ၂ ခု ကိုင်ဆောင်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်က ဒိုင်းဝန် ကွင်း နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၆၈/၄၂၀ တို့နှင့် အမှုဖွင့် တိုင်ကြားခဲ့သည်မှာ ၃ လကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း လှိုင်ရပ်ကွက် ဒေသခံ ဦးသိန်းဇော်က ဆိုသည်။
၎င်းအား တရားစွဲထားသော ပုဒ်မ ၄၆၈ မှာ လိမ်လည်ရန် အလို့ငှာ အတုပြုမှု ဖြစ်ပြီး ပုဒ်မ ၄၂၀ သည် ပစ္စည်းကို ပေးအပ်စေရန် လိမ်လည်၍ မရိုးဖြောင့်သော သဘောနှင့် သွေးဆောင်ခြင်းဟု ရာဇသတ်ကြီး၌ အဓိပ္ပာယ် ဖွင့် ဆိုထားသော်လည်း အမှုစစ်ဆေး ပြီးစီးပါက ပုဒ်မ အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။