ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းရှိ ဟိန္ဒူဘာသာဝင်များမှာ မိုးရာသီရောက်လာပြီ ဖြစ်သည့်အတွက် နေထိုင်မှု အခက်ကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။
အဆိုပါ ဟိန္ဒူဘာသာဝင်များကို မောင်တောမြို့ပေါ် ကညင်တန်းရပ်ကွက်တွင် တန်းလျားဆောင်များ ဆောင်လုပ်ထားရှိပြီး မေလ ၁၃ ရက်နေ့မှ စတင်ကာ ရံဖန်ရံခါ မိုးရွာ၍ လေပြင်းများ ကျရောက်သဖြင့် အမိုးအကာများ ပြိုပျက်သွားသည့်အတွက် နေထိုင်မှု အခက်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးနီမောလ်က ပြောသည်။
စခန်းတာဝန်ခံ ဦးနီမောလ်က “ မိုးနဲ့လေနဲ့တိုက်တော့ တန်းလျားဆောင်က ခေါင်းမိုးတွေ ပြိုကျတယ်။ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ တော်တော် အခက်အခဲ ဖြစ်နေတယ်။ အိမ်တွေ ဆောက်ပြီး နေရာချထား ပေးမယ်ဆိုတာလည်း အခုချိန်ထိ လုပ်ပေးတာ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း မောင်တောမြို့၌ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် ဒုက္ခသည်စခန်းကို သံပိုက် လုံးများဖြင့် ဆောက်လုပ်ကာ တန်းလျား အဆောင် ၁၅ ခု ဆောက်လုပ်ပေး ထား ကာ လူဦးရေ ၁၂၂၅ ဦး ရှိကြောင်းလည်း စခန်းတာဝန်ခံ ဟိန္ဒူဘာသာဝင်များက ပြောသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကတော့ မိုးရွာမှုကြောင့် ပြိုပျက်သွားသည့် ဟိန္ဒူဒုက္ခသည်စခန်းရှိ အဆောင်များကို ပြန်လည် ပြုပြင်နေပြီ ဖြစ်ကြောင်း ၊ ၎င်းတို့အား အိန္ဒိယ နိုင်ငံနှင့် CB ဘဏ်တို့မှပေးထားသော အကူအညီများဖြင့် ယခုနှစ် မေလ အတွင်း နေအိမ်များကို ဆောက်လုပ်ပေးရန် စီစဉ် ထားေ ကြာင်း ပြောသည်။
“ လေတိုက်လို့ ပြိုပျက်တဲ့ အဆောင်တွေကို ကျနော်တို့ ပြုပြင်နေပါပြီ။ တချို့ကလည်း မြို့ထဲမှာ အိမ်ရှိတယ်။ ဒီမှာနေရင် အိမ်ရမယ်ဆိုလို့ လာနေကြတာ ရှိတယ်။ ကျနော်တို့ဆီမှာ စာရင်းရှိတာကတော့ လူ ၅၀၀ နီးပါးလောက်ပဲ ရှိတယ်။ အိမ်ဆောက် ပစ္စည်းတွေကို ရန်ကုန်ကနေ သယ်ယူပြီးတော့ ဒီလအတွင်းမှာ သူတို့အတွက် နေအိမ်တွေကို ဆောက်ပေးဖို့ စီစဉ်ထားတာရှိပါတယ် ” ဟု မောင်တောမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဧရာဝတီသို့ ပြောသည်။
ယင်း ဟိန္ဒူစခန်းတွင် နေထိုင်သည့် ဒုက္ခသည် အရေအတွက်မှာ ဟိန္ဒူဒုက္ခသည်စခန်းတာဝန်ခံများက ၁၂၀၀ ကျော် ရှိသည်ဟုဆိုသော်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ ကောက်ယူထားေ၅သာ စာရင်းအရ လူပေါင်း ၅၀၀ နီးပါးသာ ရှိကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဆိုသည်။
အဆိုပါ ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်များသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်အတွင်းက နေအိမ်များ မိးရှို့ခံရခြင်း ၊ မိသားစုများ သတ်ဖြတ်ခံရခြင်းတို့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ မောင်တောဒုက္ခသည်စခန်းသို့ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်သည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ညသန်းခေါင်တွင် ARSA အကြမ်းဖက်သမားများက ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်း ၃၀ ကျော်ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။
အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ခမောင်းဆိပ်ကျေးရွာနေ ဟိန္ဒူဘာသာဝင် ရွာလုံးကျွတ် သတ်ဖြတ်ခံရပြီး သတ်ဖြတ်ခံလိုက်ရသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို စက်တင်ဘာလ ၂၄ ရက်နေ့က ခမောင်း ဆိပ်ရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ တောစပ်တနေရာတွင် ၂၈ လောင်းနှင့် စက်တင်ဘာလ ၂၅ ရက်နေ့က ၁၇ လောင်း စုစုပေါင်း ၄၅ လောင်း တူးဖော်တွေ ရှိခဲ့ သည်။
မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင် ၊ မြို ၊ ဒိုင်းနက် ၊ မရမာကြီးတိုင်း စသည့် ရင်းသားများအပါအဝင် ဟိန္ဒူဘာသာဝင်များသည်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့နှင့် တခြားမြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ရှိခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့ နယ်များမှ ဌာနေတိုင်းရင်းသား သောင်းချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော်တို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ လူပေါင်း ၆ ထောင်ကျော် ဝင်ရောက်ခဲ့ရာ ၎င်းကယ်ဆယ် ရေးစခန်းများကို အစိုးရမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပိတ်သိမ်းပြီး နေရပ်ပြန်သို့ ပြန်ပို့ခဲ့သည်။