စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒထုတ်ဖော် တောင်းဆိုသူများကို ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက ဥပဒေမဲ့ ရိုက်နှက် ဖမ်း ဆီး မှုတွင် ပါဝင် ကျူးလွန်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန် အရပ်ဘက် အဖွဲ့အစည်း ၃၉၁ ဖွဲ့က မေလ ၁၄ ရက်တွင် အစိုးရထံ တောင်းဆိုလိုက်သည်။
တာမွေမြို့နယ်ရှိ Ocean Center ရှေ့(တာမွေ ခုံးတံတား အောက်)တွင် မေလ ၁၂ ရက်က ဆန္ဒ ထုတ်ဖော်သူများနှင့် ရဲတပ်ဖွဲ့ကြား နှစ်ဖက် ညှိနှိုင်းကာ လူစုခွဲနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်မဟုတ်သည့် အရပ်သားတချို့က ဆန္ဒ ထုတ်ဖော် သူများအား ကြမ်းတမ်းစွာ ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “လက်ရှိ မြင်နေရတာတွေက ဥပဒေနဲ့ မညီပါဘူး။ အကြမ်းဖက် ဝင်ရောက် ဖမ်းဆီး ခဲ့တဲ့ လုပ်ရပ်ကို ကျယ်ကျယ် ပြန့်ပြန့် စုံစမ်းသင့်ပါတယ်”ဟု ပြောဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်ဆန့်ကျင်သည့် အစုအဖွဲ့များအား ဖမ်းဆီးရာတွင် အရပ်ဝတ်များ အသုံးပြုခွင့်ကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၈၊ ရဲလက်စွဲဥပဒေ၊ အဓိကရုဏ်း နှိမ်နင်းရေး ဥပဒေတို့တွင် ပြဌာန်းထားသော်လည်း ထို အရပ် ဝတ် များသည် စေ့စပ်ဖြန်ဖြေရေး အတွက်သာဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်းများကို ဥပဒေ အရ ပြုလုပ်ခွင့် ပေးထားခြင်း မရှိကြောင်းလည်း ဦးခင်မောင်မြင့်က ပြောသည်။
ဥပဒေအရ ကန့်သတ်ချက်အနေဖြင့်လည်း အရပ်ဝတ်များအား အသုံးပြုမည်ဆိုပါက ပါဝင်သည့် လူစာရင်း အတိအကျ ဖြင့် တရားသူကြီး တဦးဦးထံမှ ခွင့်ပြုမိန့်ရယူရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသည်။
ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းရာ၌ ဖမ်းဆီးခံရသည့် ကိုမြတ်ကျော်၊ ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်တို့ အပါအဝင် ၉ ဦး သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ၂၀ ဖြင့် တရားစွဲဆို ခံခဲ့ရပြီး မေလ ၁၃ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးထားသူများအား ကိုယ်တိုင် ခံဝန်ဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း သိရ သည်။
ဆန္ဒ ထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သူများ အနေနှင့် ရဲတပ်ဖွဲ့ထံသို့ အသိပေးတင်ပြမှုများ ပြုလုပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ပယ်ချ ခဲ့သည့်အတွက် ယင်းဆန္ဒပွဲသည် ခွင့်ပြုချက်မဲ့ ဆန္ဒပြပွဲသဏ္ဌာန် ဖြစ်သွားကြောင်းလည်း သိရသည်။
ဆန္ဒ ထုတ်ဖော်သူများအား ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ရိုက်နှက် ဖမ်းဆီးခဲ့သည့် အရပ်ဝတ်များသည် အမျိုးသားရေး အမည်ခံများ ဖြစ်ပြီး တပ်မတော် ထောက်ခံပွဲများ ပြုလုပ်နေသည့် အင်အားစုများထဲမှ သာမန် အရပ်သားများသာ ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုထားသည်။
ယင်း အရပ်ဝတ်များထဲမှ တဦးသည် စစ်ပွဲများရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၏ နောက်မှ နေ ၍ ဆန္ဒ ထုတ်ဖော်သူများအား ဆဲဆိုခြင်း၊ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သည်ကိုလည်း ရုပ်သံ ဗီဒီယို မှတ်တမ်း များတွင် တွေ့ရသည်။
ဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ပြီး ထိုးကြိတ် ရိုက်နှက်ခံခဲ့ရသည့် ကိုမြတ်ကျော်က “လူလေးငါးယောက်က ဝိုင်းချုပ်ပြီး လေးငါးဆယ်ချက်လောက် ထိုးကြ ကြိတ်ကြတာ၊ သပိတ်ခေါင်းကွ၊ သပိတ်ခေါင်းဆောင်ကွ ဆိုပြီး ခေါ်ထုတ်သွားကြ တာ၊ ရဲတွေက ဝင်တားတာ လည်း မကြားမိဘူး။ ဥပဒေ လုံးဝမရှိဘူးလို့ ခံစားမိလိုက်တယ်”ဟု ပြောပြသည်။
စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေစဉ်တွင်လည်း အမျိုးသားရေး အမည်ခံတချို့က တန်ပြန် ဆန္ဒ ထုတ်ဖော်မှုတခုကို ပြုလုပ်ခဲ့ပြီး ထိုသို့ ခွင့်ပြုချက်မဲ့ ပြုလုပ်မှုအပေါ် ရဲတပ်ဖွဲ့အနေဖြင့် တစုံတရာ ဟန့်တား အရေးယူမှု များ မရှိခဲ့ကြောင်းလည်း အရပ်ဘက် အဖွဲ့အစည်းများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တန်ပြန် ဆန္ဒပြသူတဦး ကိုင်ဆောင်ခဲ့သည့် ကတ္ထူပြားပေါ်တွင် “မူဆယ်ကို ဝင်တွယ်တာ အရပ်ဘက် ပစ်မှတ်ကို တိုက် ခိုက် တာလား၊ စစ်ဘက်ပစ်မှတ်ကို တိုက်ခိုက်တာလား၊ စစ်ပွဲတွေရပ် ဆိုတဲ့ ခင်ဗျားတို့ ဖြေပါဦး” ဟုလည်း ရေးသား ထားသည်ကို တွေ့ရသည်။
အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အင်အားသုံး၍ ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံ တဝန်းလုံးမှ တက်ကြွ လှုပ်ရှားသူ များ အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တရားစွဲဆိုထားသည့် ပုဒ်မများ အားလုံးကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် အစိုးရထံ တောင်းဆိုထားသည်။
ယခုနှစ် မေလအတွင်း ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက်မှာ တနိုင်ငံလုံး အတိုင်း အတာဖြင့် အမှု ၁၃ မှုတွင် ၄၂ ဦး တရားရင်ဆိုင်နေရပြီး ရန်ကုန်တိုင်း ဒေသကြီး တွင် ၇ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၃ မှု၊ ကချင်ပြည်နယ်တွင် ၂ မှုနှင့် ပဲခူးတိုင်း ဒေသကြီးတွင် ၁ မှုဖြစ်ပွားခဲ့ကြောင်း အသံ အဖွဲ့ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) က မေလ ၁၅ ရက် နေ့တွင် ထုတ်ပြန်ထားသည်။