ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူခံထား ရသော ရိုက်တာ သတင်းထောက် ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း ရဲချုပ် အောင်ဝင်းဦးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင် ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းစဉ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကို ဧရာဝတီက ရိုက်တာ သတင်းထောက်များ ကိစ္စ မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဦးမိုးရန်နိုင်က ထောက်ချောက်ဆင် ဖမ်းဆီးတယ်လို့ ထွက်ဆိုပါတယ်။ ထောက်ချောက်ဆင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီတော့ ထောင်ချောက် ဆင် ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးမိုးရန်နိုင်ရဲ့ အပြောတခုပဲ သတင်းထောက်ကြီးတို့ သိထားတာ ရှိပါသေးတယ်။ တရားလိုပြ သက်သေတွေ ကျန်ပါသေးတယ်”ဟု ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရိုက်တာအမှုတွင် တရားလိုဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တင်သော တရားလိုပြ သက်သေဖြစ်သူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ဧပြီ ၂၀ ရက်နေ့ရုံးချိန်းတွင် သတင်ထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကို ဦးစီးကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချ ထွက်ဆိုခဲ့သည်။ တရားလို ရှေ့နေများက ဦးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် ပြန်လည်လျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။
လက်ရှိတွင် ဦးမိုးရန်နိုင်ကို ရဲတပ်တွင်း တရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ခ)/၂၂ (အမိန့်၊ တာဝန်မလိုက်နာမှု)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရပြီး အင်းစိန်းအကျဉ်းထောင်သို့ လွဲပြောင်းပို့ဆောင်ထားသည်။ ၎င်းနှင့်အတူ ဖမ်းဆီးခံရပြီး အတူတူ ချုပ်နှောင်ခံခဲ့ရသူ တရားလိုပြ သက်သေ စာရင်းပါ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းမှာမူ မည်သည့်နေရာတွင် ထိန်းချုပ်ထားကြောင်း အများပြည်သူ မသိရှိရပေ။
ရဲချုပ်ကမူ ဦးမိုးရန်နိုင်ထွက်ဆိုခဲ့သော ရဲမှူးချုပ် တင်ကိုကိုက ခိုင်းစေသည်ဆိုသော အချက်မှာလည်း မဟုတ်မှန်ဘဲ ရဲမှူးချုပ် တင်ကိုကိုသည် ထောင်ချောက်ဆင်သည့် ဇာတ်လမ်းကို ဖန်တီးခဲ့သူ မဟုတ်ကြောင်း၊ ထို့ကြောင့် ရဲမှူးချုပ် တင်ကိုကိုအား အရေးယူရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း ပြောဆိုသည်။
ရဲချုပ် အောင်ဝင်းဦးက “ဒီရိုက်တာ သတင်းထောက် ပုဂ္ဂိုလ် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကိုက တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သိထားခြင်းလည်း မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့ကို အမှုရင်ဆိုင်မှပဲ သိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကိုက ဖမ်းဆီးဖို့ တစုံတရာ အမိန့်မပေးခဲ့ပါဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက် ၂ ဦးအား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ထွက်ဆိုခဲ့ပြီးနောက် ၎င်းကို အမိန့်မနာခံမှုဖြင့် ရဲတရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင်လည်း ၎င်းအား ထောင်ဒဏ်ချမှတ်မှုတွင် ရဲတပ်ဖွဲ့အတွင်း ဥပဒေထက်ကျော်လွန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ ရှိနေကြောင်း၊ သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းကို ထောင်ချလိုက်ခြင်းသည် အမှန်တရားအတွက် ပေါ်ထွက်လာမည့် ရဲတပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း ဦးမိုးရန်နိုင်က ပြောဆိုသွားခဲ့သည်။
သို့သော် ရိုက်တာ သတင်းထောက် ၂ ယောက်ကို လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ် တွေ့၍ အရေးယူခြင်းဖြစ်သလို ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအရ အထောက်အထားတွေ့ရှိသည့်အတိုင်း အမှု တည်ဆောက်ပြီး မည်ကဲ့သို့ အရေးယူသင့်သလဲ ဆိုသည်ကို ဥပဒေ အကြံဉာဏ်တောင်းခဲ့ကြောင်း၊ ယင်း အကြံဉာဏ်အတိုင်း တရားရုံးတင်ခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ် အောင်ဝင်းဦးက နေပြည်တော်တွင် ပြောသည်။
“၂၀၁၈ ဇန်နဝါရီ ၁၀ တွင် တရားရုံးကို စွဲတင်ခဲ့ပါတယ်။ တရားလိုဘက်က သက်သေ ၂၅ ဦး တင်ပြထားခဲ့ပါတယ်။ တရားလို ၁၈ ဦး စစ်ဆေးထားပြီး ဖြစ်ပါတယ်။ ၇ ဦးကျန်ပါတယ်။ ဒါကြောင့် သက်သေတွေ အားလုံးရဲ့ ထွက်ဆိုချက် ပြီးမှပဲ တရားရုံးက ဒီအမှုကို စွဲချက် တင်၊ မတင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က တရားရုံး စစ်ဆေးဆဲ အမှုဖြစ်လို့ တရားရုံး အဆုံးအဖြတ် အတိုင်းပဲလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။