တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြပြီး ထိုင်သပိတ်စခန်း ဖွင့်ရာတွင် ဦးဆောင်ခဲ့ သည့် ကချင် လူငယ်ခေါင်းဆောင် ၃ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။
ထို ကချင် လူငယ် ခေါင်းဆောင် ၃ ဦးကို တရားရုံးက မေလ ၁၆ ရက်တွင် တရားရင်ဆိုင်ရန် ဆင့်ခေါ်စာ ပို့ထားသည် ဟုလည်း ဆိုသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တရားစွဲဆိုထားသည့် ကချင်လူငယ် ခေါင်းဆောင် ၃ဦးသည် ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး အသင်းမှ ဦးဇော်ဂျက်၊ ထွယ်ဂျန်ဒါ အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နန်ပူ နှင့် တရားလွှတ်တော် ရှေ့နေ ဦးလွမ်းဇောင်း တို့ ဖြစ်သည်။
ဦးဇော်ဂျက်က “တရားစွဲထားတာ ဟုတ်တယ်။ သူတို့က တရားရုံးကနေ မနက်ဖြန်လာဖို့ ဆင့်ခေါ်ပါတယ်။ မနက်ဖြန် ၉နာရီ အရောက်ပါ”ဟု ပြောသည်။
မည်သည့် အကြောင်းရင်းကြောင့် တရားစွဲဆိုခံရခြင်းကို မသိရှိကြောင်း၊ တရားရုံးက စာပို့လာသဖြင့် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆို ခံထားရသည်ကို သိရှိကြောင်း ဦးဇော်ဂျက်က ပြောပြသည်။
ဆက်လက်၍ ဦးဇော်ဂျက်က “အမှန်ဆို ဆန္ဒထုတ်ဖော်တဲ့ အစီအစဉ်နဲ့ ဆွဲမယ်ဆိုရင် ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပဲ စွဲသင့် တယ်။ အခုက အသရေဖျက်မှု ဆိုတော့ ကျနော်တို့လည်း အံ့သြတယ်။ ကျနော်တို့က သူတို့ ဂုဏ်သရေ ပျက်အောင် ပြောဆို တာ လည်း မရှိပါဘူး။ ကျနော်တို့က ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ လမ်းကြောင်း ဖွင့်ပေးပါ။ ကယ်ပေးပါလို့ပဲ ချဉ်းကပ်တာပါ။ ဘယ်အသုံးအနှုန်းကို ဂုဏ်သရေကျစေတယ် ဆိုတာ ကျနော်တို့ မသိသေးဘူး ခင်ဗျ”ဟုလည်း ပြောဆို သည်။
အသရေဖျက်မှု ပုဒ်မ ၅၀၀ သည် တရား ရင်ဆိုင်နေချိန်တွင် အာမခံ ရရှိနိုင်ပြီး ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ် ချက် ချပါက အများဆုံး ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်သော်လည်း မေးမြန်း၍ မရပါ။
ထို့ပြင် မြစ်ကြီးနားမြို့ မြို့နယ်ရဲစခန်းမှ ရဲမှူး မြတ်မိုးကို မေးမြန်းရာ ၎င်းအနေဖြင့် တပ်မတော်မှ ပုဒ်မ ၅၀၀ ဖြင့် တရား စွဲဆို ထားခြင်း၊ အမှုကို လက်ခံရရှိထားခြင်း မရှိကြောင်း၊ အဆိုပါ ပုဒ်မသည် တရားရုံးသို့ ဦးတိုက်လျှောက် တိုင်ကြား ခြင်း ဖြစ်နိုင်ကြောင်း၊ တရားရုံးသို့ ဦးတိုက်လျှောက် တိုင်ကြားရာတွင်လည်း ရဲစခန်းထံမှ က/ခ ပုံစံ ယူသည့် အမှုများ ရှိသော်လည်း ယခုအမှုသည် ရဲစခန်းထံတွင် ပုံစံယူထားခြင်းလည်း မရှိကြောင်း ပြောပြသည်။
ဧပြီလ ၃၀ ရက်က ကချင်လူငယ်များ ဦးဆောင်ပြီး လူအင်အား ၃၀၀၀ ကျော်က မြစ်ကြီးနားမြို့တွင် လမ်းလျှောက် လှည့်လည်ကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများ လွတ်ရေး အစိုးရ ကူညီပေးရန် ဆန္ဒပြပြီး ဧပြီလ ၃၀ ရက် ညနေပိုင်းမှ မေလ ၆ ရက်ထိ ကချင်လူငယ် ၃၀၀ ဝန်းကျင်က ထိုင်သပိတ် စခန်းဖွင့်လှစ်ကာ ဆက်လက် တောင်းဆိုခဲ့ခြင်း ဖြစ် သည်။
ကချင် ပြည်နယ်တွင် ဧပြီလအတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွား ရာ တနိုင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ် ၊ မိုးကောင်းမြို့နယ် နှင့် ဖားကန့်မြို့နယ်တို့တွင် ဒေသခံ ၆၀၀၀ ကျော် နေအိမ် များ စွန့်ခွာ ထွက်ပြေးကာ စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ခဲ့ပြီး ကချင်လူငယ်များ ဆန္ဒပြစဉ်က ဒေသခံ ၃၀၀၀ ကျော် ပိတ်မိနေခဲ့သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဆန္ဒပြ လူငယ်များကို မေလ ၃ရက်က ခေါ်ယူညှိနှိုင်းပြီး ဖားကန့်မြို့နယ်တွင် ပိတ်မိနေ သည့် ၁၆၀ ကို ကနဦး ကယ်ထုတ်ပေးမည်ဟု ဆိုကာ သဘောတူပြီး မေလ ၆ ရက်က ပြည်နယ်အစိုးရ အဖွဲ့ဖြင့် ကယ် ထုတ် ပေးထားသည်။
ထို ဖားကန့်မြို့နယ်မှ ၁၆၀ သည် ဧပြီလ ၁၁ရက်က တိုက်ပွဲများကြောင့် ရွာကို စွန့်ကာ ပြေးလာစဉ် လမ်းတွင် တပ်မတော် စစ်ကြောင်းများနှင့် တွေ့၍ မပြေးခိုင်းဘဲ ရွာသို့ ပြန်ခေါ်သွားသဖြင့် လမ်းတွင် ရွာသားတဦး မိုင်းထိပြီး ကျန်သူများလည်း ရွာတွင်း ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပိတ်မိနေသူများ လွတ်မြောက်လာပြီ ဖြစ်ပြီး တနိုင်းမြို့နယ်တွင်း ၁၀၀၀ ခန့် ဆက်လက်ပိတ်မိ နေဆဲ ဖြစ်သည် ဟု သိရသည်။
မေလ ၉ ရက်ကလည်း ထိုင်သပိတ်စခန်း ဦးဆောင်ခဲ့သူများထဲမှ ကိုလွမ်းဇောင်းနှင့် မဆွတ်ဆိုင်းထွယ်ကို မြစ်ကြီးနား မြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခွင့် ဥပဒေဆိုင်ရာ ပုဒ်မ ၁၉ နှင့် တရားစွဲဆိုခဲ့ပြီး မြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် သုံးသောင်း ချမှတ်ကာ အမှု ပြီးစီးထားသည်။