ရန်ကုန်မြို့ တာမွေမြို့နယ် အဝိုင်းထိပ်၌ စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် စစ်ဘေးသင့် ပြည်သူများကို လွတ်လပ်စွာ ကူညီ ထောက်ပံ့ခွင့် ပေးရန် တောင်းဆိုသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အရပ်ဝတ်များသည် ရဲတပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း သိရှိရသည်။
ယနေ့ နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲတွင် ရဲချုပ် အောင်ဝင်းဦးက ဧရာဝတီ ၏ မေးခွန်းကို အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်ပြီး ယင်းအဓိကရုဏ်းကို ဥပဒေနှင့် အညီ နှိမ်နင်းခဲ့ကြောင်း ပြောဆို သွား သည်။
ရဲချုပ် အောင်ဝင်းဦးက“ကျနော်တို့ တာမွေကိစ္စကို အဲဒီမှာတော့ ကျနော်တို့ အရပ်သားတွေ အသုံးပြုမှု မရှိဘူးလို့ဘဲ ဖြေကြား ပါရစေ”ဟု ပြောသည်။
သို့သော် ယင်း အရပ်ဝတ်နှင့် လူများသည် “ဘယ်သူတွေ” ဆိုသည်ကို စုံစမ်း၍ ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ စစ်ပွဲရပ်တန့်ပေးရန် တောင်းဆိုသူများအား တန်ပြန် ဆန္ဒပြသူများကိုလည်း ဥပဒေနှင့် အညီ စိစစ် ဆောင်ရွက် လျက် ရှိကြောင်း ရဲချုပ်က ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။
မေလ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ထိပ်တိုက် ရင်ဆိုင်မှုများသည် နောက်ပိုင်းတွင် အင်အားသုံး ဖြိုခွင်းခံခဲ့ရပြီး ဆန္ဒပြသူများကို ဝင်ရောက် ဖမ်းဆီးကြသူများသည် အရပ်ဝတ်နှင့်လူများ ဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသူ ပြည်တွင်း သတင်းထောက် တဦးဖြစ်သည့် ကိုသာလွန်က ပြောသည်။
“အဲဒီ အရပ်ဝတ်တွေက မဘသ တွေနဲ့ တပ်မတော်ကို ထောက်ခံတဲ့ သူတွေပဲ။ အဲဒါကြီးကတော့ ထင်သာမြင်သာလည်း ရှိ တယ်။ ဗီဒီယို ဖိုင်တွေ ပြန်ကြည့်ရင် တွေ့လိမ့်မယ်။ သတင်းထောက်တွေကိုလည်း တွန်းထိုးတာတွေ လုပ်တယ်။ ရဲတွေ က လည်း အကာအကွယ် မပေးဘူး။ အဲဒါကြောင့် ကျနော်တို့က လူ့အခွင့်အရေး ကောင်စီနဲ့ စာနယ်ဇင်း ကောင်စီကို တိုင်ရ တာ”ဟု ရန်ကုန်မြို့မှ သတင်းလွတ်လပ်ခွင့် ကော်မတီဝင်လည်း ဖြစ်သူ ၎င်းက ပြောပြသည်။
ရဲချုပ်ကမူ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပိတ်မိ ပြည်သူများ လွတ်မြောက်ရေး လှုပ်ရှားမှု များသည် မြို့နယ် အသီးသီးတွင် ပြုလုပ်ခဲ့ကြသော်လည်း ဥပဒေနှင့်အညီ အသိပေးခြင်းမရှိ၍ အရေးယူရခြင်း ဖြစ်ကြောင်း၊ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ တွင် ဒုရဲမှူး အဆင့်ထက် ရဲအရာရှိသည် အများပြည်သူ၏ ငြိမ်းချမ်းခြင်းကို နှောင့် ယှက် ဖျက်ဆီးရန် ရှိသော စုဝေးသည့် တစုံတရာကို လူစုခွဲရန် အမိန့်ပေးနိုင်ကြောင်း ပြောသည်။
“အဲဒီလို အမိန့်ပေးတဲ့အခါမှာလည်း ၎င်းအစုအဝေးမှာ ပါဝင်သူတို့ဟာ အမိန့်ပေးတဲ့အတိုင်း လူစုမခွဲဘူးဆိုရင် လူစုခွဲခွင့် ရှိ တယ်လို့ ပြဌာန်းထားပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၈ မှာလည်း သူတို့ အမိန်ပေးတဲ့အခါမှာ လူစုခွဲမှု မပြုရင် ဒုရဲအုပ်အောက် မနိမ့်တဲ့ ရဲအရာရှိက အဲဒီအစုအဝေးကို လူစုကွဲအောင် အင်အားသုံး ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါ တယ်” ဟု ရဲချုပ်က ပြောဆိုသည်။
၎င်းက ဆက်လက်၍ “အဲဒီလို ပြုလုပ်ရာမှာ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီ တောင်းခံ နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုအပ်ရင် လူအစုအဝေးမှာ ပါဝင်တဲ့သူကို လူစုခွဲပြီး တရားဥပဒေနှင့် အညီ ပြစ်ဒဏ် စီရင် နိုင်ရန် ဖမ်းချုပ်နှောင်ခွင့် ရှိတယ် လို့ ဖော်ပြထားပါတယ်။ သို့သော် သတင်းထောက်ကြီး မေးတဲ့ဖြစ်စဉ်မှာ ကျနော်တို့ အရပ် သား အင်အားကို သုံးစွဲတာမျိုး မရှိခဲ့ပါဘူး”ဟုလည်း ပြောသည်။
အခင်း ဖြစ်ပွားသည့်နေ့က ဆန္ဒပြသူ ၉ ဦး အဖမ်းခံရပြီး ဖမ်းဆီးခံရသူများတွင် ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုဖိုးစိုး၊ ကိုမြတ်ကျော်၊ မထားထားနွယ်၊ ကိုအုပ်စိုးပိုင်၊ ရဲထွဋ်လွင်၊ မခင်စန္ဒာ၊ ပြည့်ဖြိုးနိုင် တို့ဖြစ်ပြီး ၎င်းတို့အား ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့သည်။
ထို့နောက် မေလ ၁၃ ရက် ညနေပိုင်း၌ ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးထားသူများအား ကိုယ်တိုင် ခံဝန်ဖြင့် ပြန်လွှတ် ပေး လိုက်ကြောင်း သိရသည်။