သတင်း

နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍကို အပစ်ရပ်အဖွဲ့များနှင့် အစိုးရတို့ ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်များ အကြား နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ ၂ ရပ်အပေါ် အလွတ်သဘော ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကဏ္ဍ ၂ ရပ်လုံးအတွက် NCA ထိုးထားသော အဖွဲ့များက ဖွဲ့စည်းထားသည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့ ၂ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ဘက်မှ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ အကြား မေ ၁၈ ရက်မှ ၁၉ ရက်ထိ နေပြည်တော်တွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထိုကဏ္ဍ ၂ ရပ်နှင့်ပတ်သက်၍ အလွတ်သဘောတွေ့ဆုံမှုကို ဧပြီလ ၂၀ နှင့် ၂၁ တို့တွင်လည်း ပြုလုပ်ခဲ့ပြီး အဆိုပါ ရလဒ်ကို အခြေခံ၍ ရှေ့ဆက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါကတော့ တရားဝင် ဆုံးဖြတ်ဖို့ပါ။ တရားဝင် ဆုံးဖြတ်ဖို့ ဆိုတာက အလွတ်သဘောမှာ ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုပြီးတော့ သဘောထား စုစည်းချက်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

မေ ၁၈ ရက်နှင့် ၁၉ ရက်တွင် အစိုးရနှင့် တပ်မတော်တို့မှ ပူးပေါင်းဖွဲ့စည်းထားသော ကိုယ်စားလှယ်အဖွဲ့ကို သွားရောက် တွေ့ဆုံမည့် နိုင်ငံရေး ကဏ္ဍတွင် ပဒိုစောတာဒိုမှူး၊ ထူးထူးလေး၊ ဆလိုင်းလျန်မုန်းဆာခေါင်းတို့ ဦးဆောင်ကြမည်ဖြစ်ပြီး လုံခြုံရေး ကဏ္ဍမှာတော့ ပဒိုစောရော်ဂျာခင်က ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ က “အစိုးရဖက် ကလည်း ညီလာခံကို လကုန်မှာ ကျင်းပနိုင်ဖို့အတွက် ၂၂ ရက်နေ့မှာ UPDJC အတွင်းရေးမှူး အစည်းအဝေးနဲ့ ၂၃၊ ၂၄၊ ၂၅ မှာလုပ်ငန်း ကော်မတီ အစည်းအဝေးတွေ ဖြစ်နိုင်ဖို့ကို ညှိနှိုင်းနေပါတယ်” ဟု ပြောသည်။

ဧပြီ ၂၀ ရက်မှ ၂ ရက်တာတွေ့ဆုံခဲ့သော အလွတ်သဘောတွေ့ဆုံစဉ်က နိုင်ငံရေးကဏ္ဍကို ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်ခဲ့ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက အားဖြည့်ပါဝင်ခဲ့သော်လည်း ယခုဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

“ကျနော်တို့ အားလုံး နိုင်ငံသားတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် လမ်းပွင့်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍတို့နှင့်ပတ်သက်ပြီး ဆွေးနွေး၍ ရရှိလာသော ရလဒ်များကို နေပြည်တော်၌ မေလကုန်တွင် ကျင်းပမည် ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြားက အလွတ်သောဆွေးနွေးပွဲမှ နိုင်ငံရေး ကဏ္ဍတွင် ၂၁ ရာစုပင်လုံ တတိယအကြိမ် ကျင်းပနိုင်မည့် ရက် သတ်မှတ်နိုင်ရေး အပါအဝင် ရှမ်း၊ ရခိုင်တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသည့် အခြေအနေများနှင့် တိုက်ပွဲများ အခြေအနေကို ဆွေးနွေးကြနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးကဆိုသည်။

ထို့ပြင် လုံခြုံရေး ကဏ္ဍတွင် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး (SSR) ကိစ္စများကို ဆွေးနွေးနိုင်ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading