သတင်း

မော်လမြိုင် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိသည့် သတင်း မဟုတ်မှန် ဟု ဆို

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အကျဉ်းထောင် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၃ ထောင်ကျော် တွေ့ရှိခဲ့သည် ဟု ပျံ့နှံ့ နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလ ၁၄ ရက် ရက်စွဲဖြင့် လူမှုကွန်ရက် စာမျက်နှာများ၌ မူးယစ်ဆေးဝါး သတင်းအရ နေပြည်တော် အကျဉ်း ဦးစီးရုံးချုပ်၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့ အင်အား ၃၀ အပြင် မွန်ပြည်နယ် အကျဉ်းစခန်းများမှ တပ်သား ၅၀ ခန့်နှင့် မော်လမြိုင် အကျဉ်းထောင်ကို ပိတ်ဆို့ ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃ ထောင်ကျော် တွေ့ရှိသည်ဟု သတင်းများ ပျံ့နှံနေခြင်း ဖြစ်သည်။

“ဒီဖြစ်စဉ်မျိုး မရှိပါဘူး။ ကျနော်တို့ အကျဉ်းထောင်ထဲ ဝင်ရောက် ဖမ်းဆီးတာလည်း မရှိပါဘူး။ သတင်းရတာလည်း မရှိပါ ဘူး” ရဲမှူး မြင့်ဝင်း က ဆိုသည်။

ထို့ပြင် အကျဉ်းထောင် အတွင်း၌ စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရ၍ ထောင်ပိုင် ဦးခင်မောင်ကြီးနှင့် ဒု ထောင်ပိုင် ဦးစိုးနိုင်တို့ အပါအဝင် ထောင်အရာရှိ ၃ ဦးကို ဖမ်းဆီးထားကြောင်း လူမှုကွန်ရက် စာမျက်နှာ၌ ဝေဖန်မှုများ ဖြစ်ပေါ် လျက်ရှိ သည်။

ယင်းသို့ ပျံ့နှံခဲ့သော သတင်းမှာ လွန်ခဲ့သည့် ၂ နှစ် ဝန်းကျင်က သတင်းဟောင်း တခုကို ယခုနှစ် ရက်စွဲဖြင့် ပြန်လည် ဖြန့်ဝေနေကြခြင်း ဖြစ်၍ မမှန်ကန်ကြောင်း မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးလင်း ဗိုလ်နောင်က ရှင်းပြသည်။

“လက်ရှိမှာတော့ ဒီလိုမျိုး ဖြစ်ပွားနေခြင်း ဘာမှမရှိပါဘူး။ ဖြစ်လည်း မဖြစ်ပွားပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ် မေလ အတွင်း၌ မော်လမြိုင် အကျဉ်းထောင်အတွင်း ထောင်အရာရှိများ ကိုယ်တိုင် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူးနေကြောင်း သတင်းရရှိသည့် အတွက် နေပြည်တော်ရှိ အကျဉ်းဦးစီး ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသောင်းတင် အပါအဝင် ရဲအင်အား သုံးပြီး စီးနင်းဝင်ရောက် ရှာဖွေခဲ့သည်။

ယင်းသို့ ရှာဖွေရာတွင် မူးယစ်ဆေးဝါး မတွေ့ရဘဲ အကျဉ်းထောင် လက်စွဲ ဥပဒေ ပုဒ်မ ၃၇၃ အရ ထောင်တွင်း တားမြစ် ထားသည့် ပစ္စည်းများဖြစ်သည့် ကြိုး၊ သံတိုသံစ၊ ပုလင်းနှင့် ငွေကျပ် ၁၆ သိန်းခန့်ကို ရှာဖွေ တွေ့ရှိရသဖြင့် ထောင်ပိုင် အပါအဝင် အရာရှိ ၅ ဦးအား ရာထူးမှ ရပ်စဲပြီး အခြားအဆင့် တချို့ကို ရာထူးချခြင်း နေရာ ပြောင်းရွေ့ခြင်းတို့ ပြုလုပ် အရေးယူခဲ့ကြောင်း သိရသည်။

ထို ဖြစ်စဉ် ဖြစ်ပွားမှုအပြီးနောက် လက်ရှိ မော်လမြိုင်အကျဉ်းထောင်၌ ထောင်ပိုင် ၂ ဆက် ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading