မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်တွင် အမှတ်တရပစ္စည်းများ စာအုပ်များကို အဓိက ရောင်းချပေးနိုင်မည့် အနုပညာ ဈေး တခုကို လာမည့် ဘဏ္ဍာနှစ် အတွင်း တည်ဆောက် ပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြောသည်။
“အစီအစဉ်သစ် တခုအနေနဲ့ ၇၉ လမ်း ၃၁ လမ်းနဲ့ ၃၄ လမ်းအတွင်းမှာ ဈေးအသစ် ဖော်ဆောင်ဖို့ ရှိတယ်။ ဘယ်လို ဈေးမျိုးလဲ ဆိုတော့ အမှတ်တရ ပစ္စည်းတွေ၊ စာအုပ်တွေတို့ အဓိကရောင်းတဲ့ ဈေးမျိုးပါ။ ဈေးဆိုင်တွေရဲ့ ပုံစံကလည်း ခေတ်မီတဲ့ ပုံစံမျိုးပါ။ အထူးသဖြင့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးနဲ့ လာလည်ချင်စရာ ဈေးတခု ဖြစ်မယ် ဆို တာ တော့ ပြောနိုင်ပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောပြ သည်။
အဆိုပါ ဈေးကို မန္တလေးမြို့၏ အချက်အချာကျသည့် နေရာတွင် တည်ဆောက်မည် ဖြစ်ရာ တည်ဆောက်မည့် အနုပညာ ဈေးတန်းအတွက် ဒီဇိုင်းပုံစံများ ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။
“ဈေးဒီဇိုင်းကို စည်ပင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိသုကာ အင်ဂျင်နီယာ အမျိုးသမီး ၄ ယောက်က ရေးဆွဲထားတာ ပါ။ ဒီဇိုင်းက ဆွဲပြီးသွားပါပြီ။ မြင်လိုက်တာနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံလေးတွေပါ။ သူတို့ ဆွဲထားတဲ့ ဒီဇိုင်းပုံတွေ ထဲက ဘယ်ပုံကို အတည်ပြုပြီး တည်ဆောက်သွားမယ် ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး”ဟု ဦးကျော်ဆန်းမြင့်က ပြော သည်။
အသစ် တည်ဆောက်မည့် အနုပညာဈေး၌ စာအုပ်ဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ အနုပညာ ပစ္စည်းဆိုင်၊ ကော်ဖီဆိုင်၊ တခါတရံ လာရောက် ရောင်းချချင်သူများအတွက် ဆိုင်ခန်းငယ်လေးများ ပါဝင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်ခန်း တခုနှင့် တခုကြား မြေနေရာ ကွက်လပ်ကလေးများ ချန်၍ ပန်းခြံငယ် တခုသဖွယ် အမိုးပါနေရာများ လုပ်ဆောင် ပေးပြီး လူထုအနားယူ အပန်းဖြေစရာ နေရာတခုအဖြစ် ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အနုပညာ ဈေးတန်းဆိုတာထက် အေးအေးလူလူ အနားယူလို့ ရမယ့်နေရာမျိုး၊ စာဖတ်လို့ရမယ့် နေရာမျိုးဖြစ်အောင် လုပ် သွားမယ်၊ စာအုပ်တွေ ဝယ်လို့ရမယ်၊ ပန်းချီကားတွေလည်း ကြည့်လို့ရမယ်။ နောက် ကဖေးဆိုင်လေးမှာ ကော်ဖီ သောက်လို့လည်း ရနိုင်မယ်။ လူထုအနားယူ အပန်းဖြေစရာ နေရာလေးအဖြစ် ဖန်တီးပေးသွားမှာပါ”ဟု ဦးကျော်ဆန်းမြင့် က ပြောသည်။
အနုပညာဈေး တည်ဆောက်ရန်အတွက် ယခင်က ဘတ်ဂျက်လျာထားမှု ရှိသော်လည်း အဆိုပါဘတ်ဂျက်ကို ကျောက် မျက် ဈေး တည်ဆောက်မှုတွင် ပြောင်းလဲ အသုံးပြုလိုက်ရသည့် အတွက် လတ်တလော ဘတ်ဂျက် မရှိသေးကြောင်း၊ သို့သော်လည်း Mini ဘတ်ဂျက် ကာလအတွင်း၌ ဈေးတည်ဆောက်မည့် နေရာ၌ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်း၊ လျှပ်စစ် မီးတိုင် စိုက်ထူခြင်းများ၊ ရေမြောင်းများ ပြုပြင်ခြင်းများကို အပြီးပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ လုပ် ငန်း များ ပြီးစီးပါက လာမည့် ဘဏ္ဍာနှစ်အတွင်း ဈေးကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
အဆိုပါ ဈေးတည်ဆောက် ပြီးစီးသွားပါက ဆိုင်ခန်းများကို အပြီး ရောင်းချပေးသွားမည် မဟုတ်ဘဲ နှစ်တို ငှားရမ်းမှု စနစ် ဖြင့် ငှားရမ်းပေးသွားမည်ဟု သိရသည်။
“အရင်က အစဉ်အဆက် ဈေးတွေ ဆောက်ပြီးတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲဆိုတော့ ဆိုင်ခန်း လိုချင် သူ တွေကို ငွေအရင် ကြိုထုတ်ခိုင်းပြီးမှ ဆောက်တယ်။ ပြီးရင်နေရာ ချထားပေးလိုက်တယ်၊ အဲဒီကနေ ဈေးနေရာတွေ ကို နီးစပ်ရာ၊ ပတ်သက်ရာတွေက ယူပြီး လက်ဆင့်ကမ်း တဆင့်ခံ အမြတ်နဲ့ ရောင်းစားတယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
၎င်းက ဆက်လက်၍ “အဲဒီလို ရောင်းစားပြီးတော့ ဝယ်တဲ့သူတွေက စည်းကမ်းတွေကို မလိုက်နာတွေရှိတယ်။ အခု ဈေး ကို အဓိက အမှတ်တရပစ္စည်း ရောင်းတဲ့ဈေးလေး ဖြစ်ချင်တော့ လက်ဆင့်ကမ်း ရောင်းချတာမျိုးတွေ မဖြစ်ရ အောင်လို့ နှစ်တို ငှားရမ်းခနဲ့ နေရာချထား ပေးသွားဖို့ ရည်ရွယ်ထားပါတယ်”ဟုလည်း ပြောဆိုသည်။
အနုပညာဈေး တည်ဆောက်ပြီးစီးပါက ငှားရမ်းခွင့်ရရှိသူများသည် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာ လျှင် ဆက်တိုက် ငှားရမ်းမှုကို ပြုလုပ်ပေးသွားမည်ဖြစ်ကာ စည်းကမ်း လိုက်နာမှုမရှိခဲ့လျှင် နေရာချထား ပေးသည်ကို ပြန်လည် ရုပ်သိမ်းမည့် စနစ်မျိုး ကျင့်သုံးသွားမည်ဟု ဆိုသည်။
အဆိုပါ ဈေး၌ ဆိုင်ခန်းများကို အမည်ပေါက်ဖြင့် ငှားရမ်းထားခြင်း မရှိသော်လည်း ရောင်းချရန် သတ်မှတ်ထားသည့် ပစ္စည်းများကို ရံဖန်ရံခါ လာရောက် ရောင်းချချင်သူများအတွက်လည်း ဆိုင်ခန်းနေရာများကို သီးသန့် စီစဉ်ပေးသွား မည် ဖြစ်ကာ လူထု အနားယူ အပန်းဖြေစရာ နေရာတခုအဖြစ် ဖန်းတီပေးသွားမည် ဖြစ်သောကြောင့် ဖျော်ဖြေရေး ဝန်ဆောင် မှုများပါသည့် ဈေးအဖြစ် တည်ဆောက်သွားမည်ဟု သိရသည်။
မန္တလေးမြို့မှ စာရေးဆရာ ညီပုလေးက“အနုပညာသမားတွေ အတွက် ဘယ်တုန်းကမှ မရသေးဘူးတဲ့ အခွင့်အရေး ပါပဲ။ ပန်းချီဆရာတွေ အပါအဝင် အနုပညာ ပစ္စည်းတွေ ရှင်သန်ဖို့ အခွင့်ကောင်းပါပဲ။ လက်ရှိအချိန် ညဈေးမှာ မြေကြီး ပေါ် ခင်းရောင်း နေရတဲ့စာအုပ်ဆိုင်တွေ ဆိုင်နဲ့ ကန္နားနဲ့ မြင်ရတော့မှာပါ။ ဒါဟာ ဝမ်းသာရမယ့်ကိစ္စ ကြိုဆိုရမယ့်ကိစ္စ ပါ။ နောက် နိုင်ငံခြားသားတွေ ည လည်ပတ်စရာနဲ့ မန္တလေးက လူတွေအတွက်လည်း မန်းညချမ်းကို ဖြတ်သန်းစရာ အလွန်ရှားတဲ့ အချိန်မှာ ပေါ်ထွန်းလာတာ ကြိုဆိုကြ ရမှာပါ”ဟု ပြောသည်။
အနုပညာဈေးမှာ မြို့လယ်၌ တည်ရှိနေသည့်အတွက် သွားလာရေး အဆင်ပြေကြောင်းနှင့် အနုပညာ ပစ္စည်းများ တစု တစည်း ရရှိနိုင်မည် ဖြစ်သဖြင့် ကြိုဆိုကြောင်း မန္တလေးမြို့ခံ တဦးဖြစ်သည့် စာရေးဆရာ ဆူးငှက် ကလည်း ပြောဆို သည်။
“အဲဒီဈေးကွက်မျိုး မရှိသေးဘူး။ မန္တလေးက ယဉ်ကျေးမှု မြို့တော် ဖြစ်တာနဲ့အညီ မြန်မာမှု လက်မှု အနုပညာ ပစ္စည်း တွေ ပန်းဆယ်မျိုး အနုပညာပစ္စည်းတွေ ထွန်းကားတဲ့နေရာဖြစ်တယ်။ အခု ဈေးတည်ဆောက်မယ့် နေရာက မြို့လယ် ခေါင် မှာ ရှိပြီး တဖက်ပိတ် ဖြစ်နေတဲ့နေရာ ဖြစ်တော့ ပုတ်နေတဲ့ နေရာလည်းဖြစ်နေတော့ အနုပညာနဲ့ ပတ်သက်တဲ့ ဈေးဖွင့်မယ် ဆိုတာ ကောင်းပါတယ်။ တော်တော်များများ ရှိနေတဲ့ ဈေးတွေမှာ မြန်မာမှုပစ္စည်းနဲ့ ပတ်သက်တဲ့ တစု တစည်း ဝယ်ယူစရာ ဈေးပေါ်လာတာ”ဟုလည်း ၎င်းက ပြောသည်။
ထို့ပြင် သန့်ရှင်းမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိသည့် ဈေးဖြစ်ရန် လိုကြောင်းကိုလည်း ၎င်းက အကြံပြုပြောဆိုသည်။
မန္တလေးမြို့၌ နေထိုင်သည့် စာရေးဆရာ သိုက်ထွန်းသက် ကလည်း ယင်းဈေး၌ အနုပညာနှင့် ပတ်သက်သည့် ပွဲများ လုပ်ဆောင်၍ ရသည့် နေရာမျိုးလည်း ဖြစ်ရန်လိုသည်ဟု ပြောသည်။
ယခုအခါ အဆိုပါ ဈေးအား နာမည်ပေးထားခြင်း မရှိသေးဘဲ အနုပညာ နယ်ပယ်နှင့် အနုပညာဆန်သော နာမည်မျိုးကို ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။