ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘောမိအဝတောရှိ ဆင်သေချောင်းအတွင်း အစွယ်နှင့်နှာမောင်းဖြတ်ပြီး အရေခွံ ခွာခံထားရသည့် တောဆင်ရိုင်းအသေတကောင်ကို ဒေသဆိုင်ရာ တာဝန်ရှိသူများက မေလ ၁၄ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တောဆင်ရိုင်းမှာ အသက် ၃၀ အရွယ်ခန့်ရှိသည့် စွယ်စုံတောဆင်ရိုင်းအထီးဖြစ်ပြီး ဆင်သတ် မုဆိုးများမှာ ဆင်သေအား အရေခွံများ ခွာယူထားကြောင်း၊ ဆင်နှာမောင်းနှင့် အစွယ်နှစ်ချောင်းကို ဖြတ်ယူသွားခဲ့ပြီး ဒေသဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိချိန်တွင် ထွက်ပြေးသွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ခေါင်းကို သေနတ်နဲ့ပစ်ထားခံရတဲ့ စွယ်စုံဆင်ထီးပါ။ ဆင်သတ်မုဆိုးတွေက ဆင်ကို အရေခွံတွေ နွှာတယ်။ နှာမောင်းကို ဖြတ်ယူသွားတယ်ဆိုတော့ အစွယ်တွေပါ ပါသွားတယ်လို့ယူဆရတယ်။ ဆင်သတ်မုဆိုးတွေကတော့ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် ဖမ်းဆီးရမိရေး ကြိုးပမ်းနေပါတယ်။ ဆင်သတ်မှုကိုလည်း သာပေါင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
ဆင်သေချောင်းအတွင်း စွယ်စုံဆင်တကောင်အား သတ်၍ အစွယ်ဖြတ်နေကြောင်း ဒေသခံ ပြည်သူများ၏ သတင်းပေးချက်အရ သာပေါင်းမြို့နယ် သစ်တောဌာနဦးစီးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့မှာ မေလ ၁၃ ရက် နေ့ ညပိုင်းက အခင်းဖြစ်နေရာသို့ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တောဆင်ရိုင်းအား သတ်ဖြတ်၍ အစွယ်ဖြတ်ယူသည့် အခင်းဖြစ်နေရာမှာ ဝင်ပေါက် တပေါက်ထဲရှိခြင်း၊ တောင်ကျရေ ကျဆင်းနေခြင်း၊ ညအချိန် ဆင်သေကောင်ရှိရာသို့ ဝင်ရောက်ရာတွင် ကစဉ့်ကလျား ဖြစ်နိုင်သည့်အတွက် မေ ၁၃ ရက်နေ့ညပိုင်းတွင် ကင်းပုန်းဝပ် ညအိပ်ခဲ့ပြီး မေ ၁၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ဆင်သေကောင်ရှိရာနေရာသို့ ဝင်ရောက်စီးနင်းခဲ့ရာ အစွယ်ဖြတ်ခံထားရသည့် ဆင်သေကိုသာ တွေ့ရှိခဲ့ရပြီး ဆင်သတ်မုဆိုးများ အခင်းဖြစ်နေရာတွင် မရှိတော့ဘဲ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သာပေါင်းမြို့နယ်သစ်တောဌာန၏ အစီရင်ခံတင်ပြချက်တွင် ဖော်ပြထားသည်။
အဆိုပါ တောဆင်ရိုင်း အသတ်ခံရမှုကို သာပေါင်းမြို့မ ရဲစခန်းမှ (ပ) ၁၅၂/၂၀၁၈၊ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) ဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။
ထို့ပြင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အတွင်းရှိ မြစ်တရာ သစ်တောကြိုးဝိုင်းအတွင်း မေလ ၁၃ ရက်နေ့ ညနေပိုင်းကလည်း ဆင်သတ်ရာတွင် အသုံးပြုသည့် တူမီးသေနတ် ၃ လက်နှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“ဆင်သတ်မုဆိုးတွေ စခန်းချ နေသွားတယ်လို့ ယူဆရတဲ့ သစ်ပုတ်ချောင်းဖျား ဒေသအခေါ် ကျောက်ဂူ တောင်ကြောနားက နေရာမှာ ပလတ်စတစ်တွေ ပျဉ်ချပ်တွေနဲ့ ထုတ်ထားတဲ့ပစ္စည်းတွေကို ဖမ်းမိတာပါ။ ဆင်သတ်မုဆိုးတွေကိုတော့ ဆက်လက်ဖမ်းမိနိုင်အောင် တောနင်းပြီး ရှာဖွေနေပါတယ်”ဟု တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးကျော်မြင့်ထွန်းက ပြောသည်။
ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်းနှင့် ချောင်းသာဒေသရှိ သစ်တောကြိုးဝိုင်းများအတွင်း၌ ၂၀၁၁ ခုနှစ် ကစတင်၍ ဆင်သတ်မုဆိုးများက တောဆင်ရိုင်းများကို စီးပွားရေး အကျိုးအမြတ်အတွက် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြရာ ၂၀၁၁ မှ ၂၀၁၆ ခုနှစ် အတွင်း တောဆင်ရိုင်း ၄၂ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်း မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း၌ တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခြင်းခံခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလမှမေလအထိ တောဆင်ရိုင်း ၄ ကောင်မှာ ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့မှ မှတ်တမ်း ပြုစုထားသည့်စာရင်းများအရ တောဆင်ရိုင်း ၅၉ ကောင်မှာ အစွယ်၊ အရေပြား၊ နှာမောင်းနှင့် ဆင်အသားများ ရယူရောင်းချသည့် ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။