မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း လိင်တူ- LGBT စုံတွဲတတွဲ အဆိပ်သောက် သေဆုံးမှု မေလ ၁၅ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၅ ရက်နေ့ နေ့လည်ပိုင်းက ၎င်းတို့နှစ်ဦးသည် ညောင်တိုသရက်တောတန်းရွာ စွပ်ကျယ်စက်ရုံအနောက် ဘက် ယာခင်းဘေးတွင် ပဲစင်းငုံ ပိုးသတ်ဆေး သောက်ခဲ့ပြီးနောက် မသေခင် ရင်ပူသည်ကို မခံစားနိုင်၍ သူငယ်ချင်းများထံ ဖုန်းဆက်ခေါ်ခဲ့ရာ အချိန်မီ ဆေးရုံပို့ပေးခဲ့သော်လည်း ယင်းနေ့ညတွင်ပင် နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ယင်း LGBT စုံတွဲနှင့် ခင်မင်ရင်းနှီးသူ တဦးဖြစ်ပြီး ယခုလည်း နှစ်ဦးစလုံး၏ နာရေးကိစ္စများကို လိုက်ပါကူညီပေးနေသူ တောင်သာမြို့ ဒေသခံ သမုဒယက ဧရာဝတီကို ပြောသည်။
“ကိုယ့်လက်ပေါ်တင် ဆုံးသွားတာ။ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ သူတို့မိဘတွေက ကိုယ့်နောက်မှ ရောက်လာကြ တာလေ” ဟု ၎င်းက ဆိုသည်။
တောင်သာမြို့နယ် ညောင်တို သရက်တောတန်းကျေးရွာနေ အသက် ၂၀ အရွယ် စကားဝါကျန် (မိန်းမလျာ) နှင့် မိုးနှောင်း ကင်းကျေးရွာနေ အသက် ၁၇ အရွယ် မောင်ချစ်ကိုတို့သည် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ကြသည်မှာ ၃ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
အခင်းမဖြစ်ပွားခင် ရက်အနည်းငယ်က ၎င်းတို့နှစ်ဦး နေထိုင်မှုကို သဘောမတူသည့် စကားဝါကျန်၏ မိခင်နှင့် ဆွေမျိုးများ က ၎င်းတို့ကိုခွဲရန် ကြိုးပမ်းရာမှ အပြန်အလှန် ကတောက်ကဆ ဖြစ်ပွားခဲ့ပြီးနောက် ခွဲနေရန်ဖိအားပေးမှုများ ရှိလာသော ကြောင့် ကြံရာမရသည့်အဆုံး ယခုကဲ့သို့ အဆုံးစီရင်ခြင်းဖြစ်နိုင်ကြောင်း သမုဒယအပါအဝင် ၎င်း LGBT စုံတွဲနှင့် ခင်မင်ရင်း နှီးသူများက ပြောဆိုကြသည်။
“အကုန်လုံးက ဝမ်းနည်းတယ်။ ယူကျုံးမရဖြစ်ကြတယ်။ ဒါ အားလုံးကို alert လုပ်လိုက်သလိုပဲ။ LGBT အသိုင်းအဝိုင်း အနေနဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို အောက်ခြေတောရွာ ခေါင်တဲ့အထိကို တွင်တွင်ကျယ်ကျယ် စည်းစည်းလုံးလုံး လူ အင်အားများများနဲ့ လုပ်ဖို့လိုအပ်ပြီ” ဟု LGBT အရေး တက်ကြွတက်လှုပ်ရှားသူ ရှင်းသန့်က ပြောသည်။
စကားဝါကျန်၏ ရုပ်အလောင်းကို ယနေ့ (မေ ၁၆) ညနေ ၄ နာရီတွင်လည်းကောင်း၊ မောင်ချစ်ကို၏ ရုပ်အလောင်းကို မနက်ဖြန် နံနက်တွင်လည်းကောင်း ၎င်းတို့၏ရွာ အသီးသီးတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး၏ နာရေးအတွက် ပြည်တွင်း ပြည်ပမှ မြန်မာ LGBT အသိုင်းအဝိုင်းက နာရေးကူငွေများထည့်ဝင် ကူညီလျက်ရှိကြောင်း သမုဒယက ပြောသည်။
အဆိုပါ LGBT နှစ်ဦး အဆိပ်သောက်သေဆုံးမှုနှင့်ပတ်သက်၍ တောင်သာရဲစခန်းက သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။
မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် LGBT အပေါ် ထားရှိသည့် သဘောထားများ အနည်းငယ် ပြောင်းလဲစပြုလာပြီဖြစ်သော် လည်း LGBT များအပေါ် မုန်းတီးဆန့်ကျင်သူများလည်း ရှိနေသေးရာ ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်သည် အဓိကအရေး ကြီးကြောင်းကို ယခုဖြစ်ရပ်က သက်သေပြနေကြောင်း LGBT အရေးလှုပ်ရှားသူများက မှတ်ချက်ပြုသည်။
ယခုနှစ် မေ ၁၇ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးမှုအား ဆန့်ကျင်တိုက် ဖျက်ရေးနေ့ (International Day against Homophobia) အခမ်းအနားပွဲများကို ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့များ တွင် ကျင်းပပြုလုပ်ရန် LGBT အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။