နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက်နှစ်ဦးနှင့် အခင်းဖြစ်ပွားရာ ညက တွေ့ဆုံခဲ့ရာတွင် ၎င်းအနေဖြင့် မည်သည့် စာရွက်စာတမ်းကိုမျှ ပေးခဲ့ခြင်း မရှိဟု တရားလိုပြသက်သေ ဒုတပ်ကြပ် နိုင်လင်းက ယနေ့ မေလ ၁၆ ရက်နေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ဒုတပ်ကြပ်နိုင်လင်းသည် မောင်တောမြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးမခံရမီ နောက်ဆုံးတွေ့ဆုံခဲ့သူများထဲက တဦးဖြစ်သည်။
ဒုတပ်ကြပ်နိုင်လင်းက “ ဝလုံးတို့က ဘာမှတောင်းဆိုခဲ့ခြင်း မရှိသလို ကျနော်ကလည်း ဘာမှမပေးခဲ့ပါ” ဟု တရားခွင်အတွင်း ထွက်ဆိုသောကြောင့် ရိုက်တာသတင်းထောက်များနှင့် ဒု ရဲမှူးဟောင်း ဦးမိုးရန်နိုင်တို့ ထွက်ဆိုချက်များနှင့် လွဲနေသည်။
ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦးက “ဖြစ်စဉ်တွေအပေါ်မှာ စာရွက်စာတမ်းတွေပေးတာ ဒုတပ်ကြပ်နိုင်လင်းကပဲ ပေးတာပါ၊ အခုကျတော့ သူကပဲ အဲ့ဒီ စာရွက်စာတမ်းတွေ မပေးဘူးဆိုပြီး ရုံးတော်မှာ လိမ်လည်ထွက်ဆိုသွားတာ တွေ့ရပါတယ်” ဟု ပြောသည်။
သတင်းထောက်နှစ်ဦး၏ ထွက်ဆိုချက်တွင် ဒုတပ်ကြပ်နိုင်လင်းက ကိုဝလုံးကို ဖုန်းခေါ်ကာ တွေ့ဆုံရန် ချိန်းဆိုပြီး လက်တွင်းသို့ စာရွက်စာတမ်းများ ပေးအပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယင်းသို့ ထောင်ချောက်ဆင် ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက အမိန့်ပေးခဲ့သည်ဟု တရားလိုပြသက်သေ တဦးဖြစ်သည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဧပြီ ၂၀ ရက်နေ့ရုံးချိန်းတွင် ဖွင့်ချ ထွက်ဆိုထားသည်။
ဦးမိုးရန်နိုင်အနေဖြင့် အမှုဆင်ဖမ်းဆီးမှုအကြောင်း ဖွင့်ချထွက်ဆိုအပြီး ရက်ပိုင်းတွင်ပင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆(ခ)/၂၂ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရသည်။
ထို့ပြင် ဒုတပ်ကြပ်နိုင်လင်းက ကိုဝလုံးတို့နှင့် သွားရောက်တွေ့ဆုံရာတွင်လည်း တဦးတည်း သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းညတွင်မှ ၎င်းတို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုသည်။ အခင်းဖြစ်ညက တွေ့ဆုံရာတွင် ကိုဝလုံးမှ မည်သည့်အရာမှ တောင်းခဲ့ခြင်းမရှိဘဲ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများနှင့် အင်းဒင်ကျေးရွာအနီး လူသတ်မှုဖြစ်စဉ်အား သိ မသိကိုသာ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဒုတပ်ကြပ်နိုင်လင်းက ထွက်ဆိုခဲ့သည်။
သတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင်က “ ဝလုံးတို့ စားသောက်ဆိုင်ခေါ်သွားတာက ဒုတပ်ကြပ်နိုင်လင်းနဲ့ SB က အရာရှိတယောက်ပါတယ်။ ဒါကို သူတယောက်တည်းလို့ပဲ တောက်လျှောက်ငြင်းဆိုသွားတယ်။ စာရွက်စာတမ်းတွေပေးတာ သူဖြစ်တယ်ဆိုတာကို ဝန်မခံဘူး။ ရဲမှူးချုပ် တင်ကိုကိုနဲ့ ပတ်သက်တာလည်း ဘာမှမပြောသွားဘူး” ဟု ပြောသည်။
ယနေ့တရားခွင်တွင် ဒုတပ်ကြပ်နိုင်လင်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ တိုင်ဆိုင် စစ်ဆေးနိုင်ရန် ၎င်းကိုင်ဆောင်ခဲ့သည့် MPT ဖုန်းမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား ရယူနိုင်ရေး တရားရုံးမှ ဆင့်စာထုတ်ပေးရန် သတင်းထောက်များ၏ ရှေ့နေမှ တင်ပြခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။
Reuters သတင်းထောက်နှစ်ဦးအနေဖြင့် အင်းဒင်ကျေးရွာ လူသတ်မှုအား သတင်းဖော်ထုတ်တင်ပြရန် ကြိုးပမ်းနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဒုတပ်ကြပ်နိုင်လင်းနှင့် သွားရောက်တွေ့ဆုံပြီး စားသောက်ဆိုင်မှ ပြန်အထွက်တွင် ရခိုင်အရေ းလျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံရခြင်း ဖြစ်သည်။
အင်းဒင်ကျေးရွာ လူသတ်မှုအား ဖော်ထုတ်ခဲ့သည့် Reuters သတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံခဲ့သည့် အကြောင်းပြချက်ဖြင့် ဒုရဲမှူးဟောင်း မိုးရန်နိုင်နှင့် ဒုတပ်ကြပ်နိုင်လင်းတို့ အပါအဝင် အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၆ ဦး စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။
ထိုသို့ စစ်ဆေးခံရသူများတွင် ဒုရဲမှူးဟောင်း မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးသာ အရေးယူခံခဲ့ရသည်။ ဒုတပ်ကြပ်နိုင်လင်း၏ ယနေ့ တရားရုံး ထွက်ချက်အရ ၎င်းလည်း ရဲတပ်ရင်းအချုပ်တွင် ၉ ရက်နေရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
တပ်ကြပ်ကြီး ခင်မောင်လင်းသည်လည်း အမှုတွင် တရားလိုပြသက်သေအဖြစ် ပါဝင်လျက်ရှိပြီး တရားခွင် လာရောက်ထွက်ဆိုရခြင်း မရှိသေးပေ။
တပ်ကြပ်ကြီးခင်မောင်လင်းအား ရဲတပ်ဖွဲ့မှ အပြီးတိုင် ထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း ယနေ့တရားခွင်တွင် မှုခင်းမှတ်တမ်းအဖွဲ့မှ လာရောက်ထွက်ဆိုသွားကြောင်း ဦးသန်းဇော်အောင်က ပြောသည်။
သတင်းထောက် ကိုဝလုံးက “ ဒီနေ့ နိုင်လင်း ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိတ်ပျက်ပါတယ်။ အမှန်တရားနဲ့လွဲပြီးတော့ သူထွက်ဆိုသွားတာတွေ အများကြီးတွေ့ရပါတယ်။ ကျနော်တို့ တရားမျှတမှု လိုချင်ပါတယ်” ဟု တရားရုံးမှ ပြန်အထွက်တွင် ပြောသည်။
အမှုကို ဆက်လက်စစ်ဆေး ကြားနာရန် မေလ ၂၁ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။