ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိသွားသည့် မွတ်စလင် ဒုက္ခသည်များ၏ နစ်နာမှုများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရက အကူအညီပေးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များ၏ နစ်နာမှုများကို အမှုဖွင့် တိုင်ကြားလိုလျှင် မြန်မာအစိုးရက ကူညီပေးနိုင်မည့် အစီအစဉ် တခု မကြာမီ စတင်နိုင်ရန် ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ယခု ကိစ္စသည် အစိုးရအနေနှင့် နိုင်ငံတကာတွင် စွပ်စွဲမှု မျိုးစုံခံနေရသဖြင့် လူတဦးချင်းအလိုက် တာဝန်ခံမှု တာဝန်ယူ မှု ရှိရမည်ကို အဖွဲ့လိုက် တာဝန်ခံနေရသဖြင့် အမှန်တကယ် ကျူးလွန်သူကိုသာ အရေးယူ အပြစ်ပေးနိုင်ရန် စီစဉ်ရ ခြင်း ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပြသည်။
“ဒါကအရေးကြီးတယ်။ စွပ်စွဲမှုတွေ မျိုးစုံရှိတယ်။ တခုခုဆိုရင် Individual (တဦးချင်း) စွပ်စွဲပြီးတော့ အမှုဖွင့်ရမယ်၊ စွပ်စွဲရမယ်။ ဒါပေမယ့် အဖွဲ့လိုက် နာမည်ပျက်တယ်။ ဥပမာ တပ်မတော်က ဘာဖြစ်တယ်။ ဘယ်သူက ဘာဖြစ်တယ်။ စသဖြင့် အဖွဲ့လိုက်ကြီးကို စွပ်စွဲမှုတွေ ရှိနေတယ်။ အဖွဲ့လိုက် စွပ်စွဲတာထက် တကယ်ကျူးလွန်တဲ့ သူသည် သူ့အပြစ် ကိုသူ ခံရမယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည့် နယ်မြေ ရှင်းလင်းမှုများ အတွင်း တပ်မတော်၏ လုပ်ဆောင်မှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် တိုက်တွန်းချက်များဖြင့် ဖိအားများ ပေးလာချိန်တွင် မြန်မာ အစိုးရက ယခု အစီအစဉ်ကို စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမှုဖွင့်လိုသူများသည် ၎င်းတို့ နေထိုင်သည့် နေရာတွင်ပင် အမှုဖွင့်နိုင်ပြီး သက်သေများကိုလည်း အစိုးရက အကုန်ကျ ခံ၍ ခေါ်ယူပေးမည်ဖြစ်သည်ဟု ဆိုသည်။
သို့သော် အမှု ရင်ဆိုင်ရသည့် အခါတွင် မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ရမည် ဖြစ်ကြောင်း၊ စွပ်စွဲချက်များကို တုံ့ပြန် နိုင်ရန် ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီ အတွက်ကြောင့်မိုလို့ အမှုုဖွင့်ချင်ရင် ဖွင့်နိုင်အောင် ဘယ်သူက တရားစွဲချင်လဲ စွဲပါ။ ဘယ်သူက သက်သေခံမလဲ ခံပါ။ ဒါတွေ အတွက်ကို ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့သူတွေ အကုန်လုံးက ဒီအခွင့်အရေး ရတယ်ဆိုတာကို ကြေညာ ထားတယ်။ အဲဒီအတွက်ကို မြန်မာနိုင်ငံ အစိုးရကနေ ကူညီ ဆောင်ရွက်ပေးမယ်။ အဲဒါ အခု စမယ်”ဟု ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။
ဧရာဝတီ သတင်းဌာနက ရောက်ရှိခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ ခရီးစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မပြုကျင့်ခံရမှုများ ရှိကြောင်း ပြောဆိုတိုင်ကြား အမှုဖွင့်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း မှုခင်း ဆရာဝန်၏ စစ်ဆေးချက်များအရ အမှုအဖြစ် စွဲချက်တင်ခံရသည့် အမှု မရှိ သလောက် ရှားပါးကြောင်း တွေ့ရှိခဲ့ရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၌ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှုအတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူထားကြောင်း သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောဆိုထားသည်။