အမေရိကန် သံရုံးသစ်ကို ကန့်ကွက်သည့် ဂါဇာမှ ဆန္ဒပြပွဲများတွင် လူ ၆၂ ဦးသေဆုံးခဲ့ပြီးနောက် ကုလသမဂ္ဂက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ဂါဇာမြို့တွင် ဆန္ဒပြသူများစွာကို အစ္စရေးဘက်က သတ်ဖြတ်ခဲ့ခြင်းကြောင့် အင်္ဂါနေ့က သံတမန်ဆက်ဆံရေးတင်းမာမှု မြင့်တက်လာခဲ့ချိန်တွင် အမေရိကန်က ဂျေရုဆလင်မြို့တွင် သံရုံးသစ် ဖွင့်သည့် ၎င်း၏ ဆုံးဖြတ်ချက်ကို အခိုင်အမာ ကာကွယ်ပြောဆိုလိုက်သည်။
တူရကီသမ္မတ ရီဆတ်တေယစ်အာဒိုရန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ လက်တွင် “ပါလက်စတိုင်းသွေးများ စွန်းထင်းနေသည်” ဟုပြောဆိုခဲ့ပြီးနောက် အစ္စရေးနှင့်တူရကီ နှစ်နိုင်ငံရှိ သံရုံးအသီးသီးမှ သံတမန်များကို နှင်ထုတ်ခဲ့မှု အပေါ် နှစ်နိုင်ငံအကြား ပြန်လည်စေ့စပ်ညှိနှိုင်းနေရသည်။
အစ္စရေးနှင့် ဟားမက်စ် စစ်သွေးကြွများ၏စစ်ပွဲ ၂၀၁၄ ခုနှစ်က အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းဘက်က အသေအပျောက် အများဆုံးဖြစ်ခဲ့သည့် တနင်္လာနေ့က အဖြစ်အပျက်များတွင် အနည်းဆုံးလူ ၆၂ ဦးသေဆုံးပြီးလူ ၂၇၀၀ ဒဏ်ရာရခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ဒေါ်နယ်ထရမ့်၏ သံအမတ်ကြီး နစ်ကီဟာလေးက သံရုံးသစ် ဖွင့်လှစ်ခြင်းအတွက် အမျက်ထွက်စရာ အကြောင်းမရှိဟုပြောဆိုကာပါလက်စတိုင်းဆန္ဒပြသူများကို ဝေဖန်လိုက်သည်။
မော်တော်ကားတာယာများ မီးရှို့ခြင်း၊ အစ္စရေးဘက်သို့ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ကျဉ်းမြောင်းသော ကမ်းရိုးတန်း နှင့် အစ္စရေးနိုင်ငံကြားမှ နယ်စပ် အတားအဆီးများကို အချို့နေရာများတွင် ဖျက်ဆီးရန် ကြိုးစားခဲ့ကြသော ဆန္ဒပြသူ ပါလက်စတိုင်းလူမျိုးများအား အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ၆၂ ဦးအနက် ၅၃ ဦးမှာ ဟားမတ်စ်အဖွဲ့ဝင်များဖြစ်ကြောင်း အစ္စရေး သတင်းစာ Times of Israel က ရေးသားထားသည်။ ဂါဇာကို ထိန်းချုပ်ထားသော ဟားမတ်စ်များက မကြုံစဖူး ရေချိန်မြင့်တက်လာနေသော အကြမ်းဖက်မှုများ နောက်ကွယ်တွင် ရှိနေကြောင်း အစ္စရေး စစ်ဘက်က စွပ်စွဲခဲ့သည်။
မစ္စတာအာဒိုဂန်ကို တုံ့ပြန်သည့်အနေဖြင့် မစ္စတာနေတန်ယာဟုက “အာဒိုဂန်ဟာ ဟားမတ်စ်ကို အကြီးအကျယ် ထောက်ခံသူတွေ ထဲက တယောက်ပါ။ အကြမ်းဖက်ဝါဒနဲ့ လုပ်ကြံမှုကို သူ ကောင်းကောင်းနားလည်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကျနော်တို့ကို သူ့အနေနဲ့ ကျင့်ဝတ် သိက္ခာအကြောင်း တရားလာမဟောပါနဲ့လို့ အကြံပြုပါတယ်” ဟူ၍ ကြေညာချက် တစောင်တွင် ပြောကြားခဲ့သည်။
တူရကီဘက်က ယာယီအားဖြင့် အစ္စရေးသံအမတ်ကြီးကို အန်ကာရာမှ မောင်းထုတ်ခဲ့ပြီး အစ္စရေးကလည်း ဂျေရုဆလင်ရှိ တူရကီကောင်စစ်ဝန်ချုပ်ကို နိုင်ငံထဲမှ ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။
ယခု ဆန္ဒပြပွဲများသည် အစ္စရေးနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ဟားမတ်စ်များ ဦးတည်ထားသော ယခုအပတ် အတွင်း ဆန္ဒပြပွဲများ၏ တစိတ်တပိုင်း ဖြစ်ပါသည်။
ဂါဇာတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြသူများ၏လုပ်ရပ်ကို ရည်ညွှန်းလျက် မစ္စဟာလေးက“ရှင်တို့ နယ်စပ်တွေမှာလည်း အဲဒီလို ပုံစံမျိုးလာလုပ်ရင် ဘယ်သူက လက်သင့်ခံမှာလဲ။ ဘယ်သူမှ လက်မခံနိုင်ပါဘူး” ဟုလုံခြုံရေးကောင်စီသို့ ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး နီကိုလေ မယ်ဒီနော့ဗ်က “ဂါဇာက ပြည်သူတွေအတွက် ကြေကွဲစရာပါ။ တကယ်တမ်း ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ဖော်ပြစရာ စကားလုံးမတွေ့ပါဘူး။ သတ်ဖြတ်တဲ့အတွက် တရားမျှတတယ်ဆိုတာ မရှိပါဘူး။ ဆင်ခြေပေးစရာလည်း မရှိပါဘူး။ ဘယ်သူမှ အကျိုးမရှိပါဘူး။ ဒါမျိုးဖြစ်တာလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ မဖြစ်တာ သေချာပါတယ်” ဟု ပြောသည်။
အစ္စရေးလက်နက်ကိုင်တပ်များက ပါလက်စတိုင်းဆန္ဒပြသူများကို အကြမ်းဖက်ခြင်းဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက္ကရွန်က ကြေညာချက်တစောင်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး ပါလက်စတိုင်း အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့မှုအတွက် ဝမ်းနည်းကြောင်း ပြောသည်။
ဆန္ဒပြသူများက ဂါဇာနယ်စပ်စည်းရိုးကို ချိုးဖောက်ရန် ကြိုးစားပြီးမှသာ ပစ်မိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးက ဆိုသည်။
ဟားမတ်စ် (သို့မဟုတ်) အစ္စလမ်မစ်ဂျီဟတ်အဖွဲ့ဝင် ၅၃ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်ဖက်က ပြောသည်။ ယင်းနှစ်ဖွဲ့စလုံးကို အမေရိကန်နှင့် အစ္စရေးတို့က အကြမ်းဖက်အုပ်စုများဟု သတ်မှတ်ထားသည်။
အချို့က လက်နက်မဲ့ အရပ်သား ဆန္ဒပြသူများ အသွင်ယူ၍ အစ္စရေး စစ်သားများကို ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ သေနတ်များနှင့် ပစ်ခတ်ခဲ့ကြသည်ဟု အစ္စရေး စစ်တပ်ကပြောသည်။ ယခုအချိန်အထိ အစ္စရေး အရပ်သားများ ထိခိုက်မှု မရှိသေးဘဲ အစ္စရေးတပ်သားတဦးသာ ဗုံးဆံများထိ၍ အသေးစား ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ဂျေရုဆလင်မြို့ အနေအထားသည် အစ္စရေးနှင့်ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးအပါဆုံး ဆုံးဖြတ် ရမည့် ကိစ္စဖြစ်ပြီး အမေရိကန်သံရုံး ပြောင်းရွှေ့ခြင်းက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျိုးဆောင်ဖြစ်သည့် အမေရိကန်၏ အခန်းကဏ္ဍကို ကျဆင်းစေပြီး နှစ်ဖက်အဖြေရှာရေး မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်ကြောင်း ထရမ့်ကို ဝေဖန်သူများက ထောက်ပြကြသည်။
အမေရိကန်သံရုံး ပြောင်းဖွင့်ခြင်းနှင့် ဝါရှင်တန်သို့ တရားဝင်ဆက်သွယ်မှု အားလုံးကို သပိတ်မှောက်ကြရန် ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက တိုက်တွန်းခဲ့သည်။
အကြမ်းဖက်မှု အတိုင်းအတာများနှင့်ပတ်သက်ပြီး ဗြိတိန်နိုင်ငံက အလွန်အမင်းစိုးရိမ်မကင်း ဖြစ်မိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေ၏ ပြောရေးဆိုခွင့်ရှိသူက သဘောထား မှတ်ချက်ပေးသည်။
“အစ္စရေးမှာ သူ့နယ်စပ်သူ ကာကွယ်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ကျည်အစစ်နဲ့ ပစ်တာကတော့ တော်တော် ပြဿနာ ရှိပါတယ်”
နောက်ထပ် အသက်ဆုံးရှုံးမှုများ ရှောင်ရှားနိုင်ဖို့ အစွမ်းကုန် ထိန်းသိမ်းကိုင်တွယ်ကြရန် ဥရောပသမဂ္ဂက အဖွဲ့အစည်း အားလုံးကို တိုက်တွန်းလိုက်သည်။
အမေရိကန် သံရုံးဖွင့်လှစ်ခြင်းသည် ပါလက်စတိုင်းတို့၏ Nakba ဟုခေါ်သည့် ဖြစ်ရပ်ဆိုးကြီး၏ နှစ်ပတ်လည် အထိမ်း အမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။ ယင်းအထိမ်းအမှတ်မှာ ဗြိတိသျှအင်္ဂလိပ်တို့က သတ်မှတ်ပေးခဲ့သော ပါလက်စတိုင်း နယ်မြေတွင် နေထိုင်သည့် အာရပ်များ သူတို့အိမ်များ ၁၉၄၈ ခုနှစ်တွင် ဆုံးရှုံးခဲ့ခြင်း အတွက်ဖြစ်သည်။
ကိုးကား။ ။ အေဂျင်စီသတင်းများ