ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၅ နယ်မြေဖြစ်သော ကရင်ပြည်နယ် မူတရော် (ဖာပွန်) ခရိုင် အတွင်း တပ်မတော်မှ တပ်အင်အားဖြည့်၍ ဆောင်ရွက်နေသော ခေးပူ-လွယ်မူပလော လမ်းကြောင်း ဖောက်လုပ်မှုကို ယာယီ ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ကို ကတိပေး လိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးအောင်သည့် အဖွဲ့များ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်တွင် ယနေ့ညနေပိုင်းက တွေ့ဆုံရာတွင် တပ်ချုပ်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်းသိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်မှ နားလည်မှု ရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ အနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် နိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့သည်” ဟု ဖော်ပြ ပါရှိသည်။
ယခုနှစ် မတ်လထဲတွင် တပ်မတော်က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ၌ လမ်းဖောက်လုပ်ရန် ဆောင်ရွက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၂၀၀၀ ကျော် တိုက်ပွဲရှောင်ခဲ့ကြရပြီး နေရပ်မပြန်နိုင်ဘဲ ဖြစ်နေကြကြောင်း သိရသည်။
ထိုဒေသတွင် လမ်းဖောက်မှုမှ စတင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြားတွင် ဒေသခံများ ထွက်ပြေးခဲ့ရသည်များရှိသကဲ့သို့ လယ်မူပလော ကျေးရွာမှ ရပ်ရွာခေါင်းဆောင် တဦးလည်းဖြစ် သဘာဝပတ်ဝန်ကျင် အရေးဆောင်ရွက်သူ တဦးလည်းဖြစ်သည့် စောကလိုပါး (ခ) စောအိုမှူး လည်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
ထိုဆွေးနွေးပွဲတွင် ပါဝင်သည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “အခုက လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ တွေ့ရတာ။ အထူးသဖြင့် တပ်မဟာ ၅ မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လမ်းဖောက်လုပ်ရေး ကိစ္စကြောင့် ယုံကြည်မှုထိပါးတာတို့ လူထုတွေ ထွက်ပြေးရတဲ့ကိစ္စကို ကျနော်တိုh တွေ့ဆုံဆွေးနွေး အဖြေရှာတာ တင်ပြတာ အဲဒါကို ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ထို့အပြင် “တပ်တိုးတာက လမ်းဖောက်ဖို့အတွက်ပဲ။ လမ်းမဖောက်တော့ဘူးဆိုရင် တပ်တွေ မူလအတိုင်းပဲ ပြန်နေသွားပေါ့နော်။ တပ်တွေကို ပြန်ရုတ်မယ်။ ဘာလို့လဲဆိုတော့ တပ်တွေ တိုးလာတာက လမ်းဖောက်ဖို့လုံခြုံရေးအတွက်ကိုး အခုက လမ်းဖောက်တာ ရပ်ဆိုင်းမယ်ဆိုတော့ လုံခြုံရေးအတွက် ထားစရာမလိုဘူး” ဟု ဆိုသည်။
အဆိုပါ ဒေသတွင် ယခုလဆန်းပိုင်းက တပ်မတော်မှ တပ်အင်အားတိုးချဲ့ ပို့ဆောင်လာခြင်း၊ ဒေသခံလူထုများ၏ အသက်မွေး ဝမ်းကျောင်း နေရာများဖြစ်သည့် လယ်ယာ၊ ရေနုတ်မြောင်း၊ တောင်ယာစသည့် နေရာများသို့ တပ်ဖြန့် လှုပ်ရှားလာသည့်အပြင် လမ်းဖောက်လုပ်ရန်အတွက် စက်ယန္တရားများကိုတိုးချဲ့ပို့ဆောင်မှုရှိလာသည်ဟုဆိုကာ ဖြစ်လာမည့် အကျိုးဆက်များကို တာဝန်ယူရန် KNU က မေလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။
ဖာပွန်ခရိုင် တပ်မဟာ ၅ ဒေသတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတင်မကဘဲ KNU လှုပ်ရှားနယ်မြေအတွင်းက အခြားတပ်မဟာများ တွင်လည်း စစ်ရေးတင်းမာမှုဖြစ်ပွားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမည်ဖြင့် ထုတ်ပြန်ကြေညာချက်တစောင် သီးခြားထွက်လာသည်ကိုလည်း တွေ့ရသည်။
ထိုအခြေအနေများကြောင့် ဒေသခံများ စိုးရိမ်မှုကြီးနေချိန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ခေါင်းဆောင်အချို့က အစည်း အဝေးပွဲများတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာလိုကြောင်း ဆက်တိုက်ပြောဆိုမှုများ ရှိလာခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် KNU ခေါင်းဆောင်များ အကြား တွေ့ဆုံဖြစ်ကြခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။
KNU သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အများဆုံးတွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။