သတင်း

FPNCC နှင့် တရုတ် အထူးသံတမန် တွေ့မည်

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ခေါင်းဆောင် များကို တရုတ်နိုင်ငံဘက်မှ တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်ဟု သတင်း ရရှိသည်။

ယင်းတွေ့ဆုံမှုကို မေလ ၁၈ ရက်၌ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း FPNCC အဖွဲ့ဝင် တချို့ထံမှ သိရ သည်။

FPNCC အဖွဲ့ဝင် ခေါင်းဆောင်တဦးက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ ရှန် က ဖိတ်ကြားခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ပြောဆိုနိုင်ကြောင်း တွေ့ဆုံ ဆွေးနွေးမည့် အကြောင်း အရာကို အတိအကျ မသိရှိ ဟု ပြောသည်။

အဆိုပါ ခေါင်းဆောင်က “ပြီးခဲ့တဲ့ မူဆယ်ကိစ္စကို ဆွေးနွေးမလား မဆွေးနွေးဘူးလား ဆိုတာတော့ မသိသေး ပါဘူး” ဟု လည်း ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းရှိ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း ကင်းစခန်း များကို FPNCC အဖွဲ့ဝင် ဖြစ်သည့် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင် ၄ ဦး၊ ဒုရဲအုပ် ၁ ဦးနှင့် အရပ်သားများ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ စစ် တပ်ဖွဲ့ဝင် ၆ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် အရပ်သား စုစုပေါင်း၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုနေ့က တပ်မတော်နှင့် TNLA တို့ကြား နံနက် ၅ နာရီမှ ၈ နာရီခွဲခန့်ထိ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲများ ဖြစ်ပွားပြီး တရုတ်နိုင်ငံ ပိုင်နက်ထဲသို့ ကျည်များ ကျရောက်ကြောင်း၊ တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့ ကြောင်းကို မေလ ၁၄ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Mr.Lu Kang က ပြောဆိုထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ သံရုံးကလည်း မူဆယ်မြို့အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချကြောင်း တရုတ်နိုင်ငံဘက်မှ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်နေ ပြည်သူများ ပစ္စည်း ဥစ္စာ နှင့် ဘဝလုံခြုံရေး အတွက် ပဋိပက္ခဖြစ်နေသည့် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းကြောင်း သဘောထား ထုတ်ပြန်ချက် တစောင်ကိုလည်း မေလ ၁၃ ရက်က ထုတ်ပြန်ထားသည်။

FPNCC ကို တွေ့ဆုံရန် ဖိတ်ခေါ်ထားသည့် မစ္စတာ ဆွန်ကော့ရှန်သည် တရုတ်နိုင်ငံ သမ္မတ၏ အမိန့်ဖြင့် အစိုးရ၊ တပ်မတော်၊ FPNCC အဖွဲ့ဝင်များနှင့် လိုက်လံတွေ့ဆုံကာ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းပေးနေသူ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံ (ဒုတိယအကြိမ်) အစည်းအဝေး ကျင်းပစဉ်ကလည်း တရုတ် နိုင်ငံ ဘက်မှ လုံခြုံရေးယူကာ လေယာဉ်ဖြင့် နေပြည်တော်သို့ ပို့ဆောင်ပေးသဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ခေါင်း ဆောင်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့သည်။

တတိယအကြိမ် ၂၁ရာစုပင်လုံ ညီလာခံ အစည်းအဝေး တက်ရောက်နိုင်ရန်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ရေးထိုးရန်လည်း မစ္စတာ ဆွန်ကော့ရှန်က ညှိနှိုင်း တိုက်တွန်းလျက် ရှိသည်။

FPNCC က NCA ကို ငြင်းပယ်ထားပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် အသစ်တခု ချုပ်ဆိုရန် တောင်းဆို ထား သည်။

FPNCC ကို မြန်မာ- တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading