တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကို မေလကုန်ပိုင်းတွင် ခေါ်ယူရန် ရှိကြောင်း သိရသည်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီလကုန် သို့မဟုတ် မေလဆန်းပိုင်း၌ ကျင်းပနိုင်ရေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)တွင် ဆုံးဖြတ် ခဲ့ကြသော်လည်း မေလကုန်ထိ ကျင်းပနိုင်ရေးမှာ မသေချာသေးကြောင်းလည်း UPDJC မှ သိရသည်။
မေ ၂၂ ရက်တွင် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ကျင်းပနိုင်ရန်အတွက် အစိုးရက တိုင်းရင်းသား လက်နက် ကိုင် အစုအဖွဲ့ထံ အကြောင်းကြားထားပြီး လုပ်ငန်းကော်မတီ အစည်းအဝေးများကို ဆက်လက် ကျင်းပသွားရန်လည်း ညှိနှိုင်း နေသည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောသည်။
ဦးလှမောင်ရွှေက “အစိုးရဘက်ကလည်း ညီလာခံကို လကုန်မှာ ကျင်းပနိုင်ဖို့ အတွက် မေ၂၂ ရက်မှာ UPDJC အတွင်း ရေးမှူး အစည်းအဝေးနဲ့ မေ၂၃၊ ၂၄ ၊ ၂၅ ရက်တွေမှာ လုပ်ငန်း ကော်မတီ အစည်းအဝေးတွေ ဖြစ်နိုင်ဖို့ကို ညှိနှိုင်းနေပါ တယ်”ဟုလည်း ပြောပြသည်။
လက်ရှိ၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့ များက မေ ၁၈ နှင့် ၁၉ ရက်များ၌ အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ နိုင်ငံရေး၊ လုံခြုံရေး ကဏ္ဍများကို အလွတ်သဘော ဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း ပြောသည်။
အဆိုပါ တွေ့ဆုံပွဲ၌ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးနှင့် ရက်သတ်မှတ်နိုင်ရေး ကိစ္စများကိုလည်း ဆွေးနွေးသွားရန် ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
အစိုးရ၊ တပ်မတော်နှင့် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များကြား ဧပြီလ၂၀ မှ ၂၁ ရက်အထိ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က တတိယအကြိမ် ၂၁ ပင်လုံ ညီလာခံကို မေလကုန်ပိုင်းတွင် ကျင်းပရန် ဆွေးနွေးမှုများ ရှိခဲ့ သော်လည်း လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အရ ဇွန်လကုန်နှင့် ဇူလိုင်လများ၌ ကျင်းပနိုင်ခြေ ရှိကြောင်းလည်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူများကြား ပြောဆိုလျက် ရှိသည်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တဦးဖြစ်သူ ဦးစိုင်းကျော်ညွန့် ကလည်း “ညီလာခံ လုပ်မယ်ဆိုရင် သူ့ရှေ့မှာက အစည်း အဝေးတွေက တောက်လျှောက်ရှိမှာ။ လုပ်ငန်း ကော် မတီ အစည်းအဝေး၊ UPDJC အစည်းအဝေးတွေပေ့ါ။ အဲဒီ အစည်းအဝေးတွေ ရှိသေးတယ်လေ။ ဒီအစည်း အဝေး တွေ တန်းစီလိုက်ရင် မေလဆိုတာ မလွယ်တော့ မလွယ်လှဘူး ဖြစ်နိုင်ခြေ မရှိသလောက်ဘဲ”ဟု ပြောသည်။
၂၁ ရာစု ပင်လုံ ညီလာခံကို ၁ နှစ်လျှင် ၂ ကြိမ် ကျင်းပရန် အစိုးရ၊ လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများကြား သဘော တူညီမှု ရယူထားသော်လည်း ၂၀၁၇ ခုနှစ် မေ ၂၄ မှ ၂၉ ရက်ထိ ဒုတိယ အကြိမ် ကျင်းပခဲ့သော ညီလာခံ အပြီး ယနေ့ အချိန်ထိ မကျင်းပနိုင်သေးဘဲ ဖြစ်နေသည်မှာ ၁ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။