လာဘ်စားရာတွင် ညီညီညွှတ်ညွှတ် ပူးပေါင်း လုပ်ကိုင်ကြရန် ပြောကြားခဲ့သည်ဆိုသော အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်အား နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးရန် စီစဉ် နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
မေ ၁၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် အစိုးရ၏ ဒုတိယ တနှစ်တာ ကာလအတွင်း ဆောင် ရွက် ချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရှင်းလင်းပြောကြားစဉ် ဧရာဝတီက အထက်ပါကိစ္စ အား မေးမြန်းခဲ့ရာ ဖြေကြားခြင်း ဖြစ်သည်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။ စတော့ မစစ်ရသေးဘူး။ အခု ဖွဲ့စည်းမိန့် ထွက်ပြီးတာနဲ့ လိုအပ် တဲ့ လုပ်ထုံး လုပ်နည်းအတိုင်း စစ်သွားမှာပေါ့။ သက်သေတွေ ဘာတွေ စုဆောင်းပြီး စစ်ရမှာ”ဟု ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပြသည်။
အဆိုပါ လာဘ်စားမှုနှင့် ပတ်သက်သော ပြောကြားချက်သည် ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်က တိုင်းနှင့် ပြည်နယ် အသီး သီးတွင် သွားရောက် တာဝန် ထမ်းဆောင်ကြမည့် အခွန်အရာရှိများကို ညွှန်ကြားရေးမှူးတဦး အနေဖြင့် လိုအပ် သည်များ မှာကြားရာတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြောဆိုထားသော အသံဖိုင်ကိစ္စကို စုံစမ်း စစ်ဆေးရန် သမ္မတရုံးက ညွှန်ကြားလာကြောင်း အကောက်ခွန် ဦးစီးဌာန ဒုညွှန်ချုပ် ဦးသိန်းဆွေ က ပြောသည်။
ဦးသိန်းဆွေက “စစ်ဆေးဖို့အတွက် စစ်ဆေးရေး အဖွဲ့တခုကို ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ကနေ စစ်ဆေးမှာပါ။ အဲဒီမှာ ဒုညွှန်ချုပ် တယောက်ပါတယ်။ ညွှန်မှူး တယောက်ပါတယ်။ စစ်ဆေးရေး အဖွဲ့ကနေ အဲဒီလူတွေက ခေါ်ယူ စစ်ဆေး မှာပေါ့။ အဲဒါကြောင့် ဘယ်သူတွေကို စစ်မလဲဆိုတာတော့ ကျနော်လည်း မသိပါဘူး”ဟုလည်း ပြောပြသည်။
အဂတိလိုက်စားမှုကို ဌာန အကြီးအကဲတဦးက အားပေးသည့် သဘောများ ပါဝင်သည့် ယင်းအသံဖိုင်သည် ယခု ရက်ပိုင်း အတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် လူအများကလည်း စိတ်ဝင်တစား ဝေဖန် ပြောဆိုလျက်ရှိ သည်။
ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က“အဲဒီ အသံဖိုင်ကိစ္စကို ဌာနတွင်း စုံစမ်း စစ်ဆေးတယ်ဆိုတာ လောက် ကတော့ ဘာမှ မဖြစ်ဘူး။ မလုံလောက်ဘူး။ ဌာနတွင်း (DE) စစ်တယ်ဆိုတာ အလွန်ဆုံး အပြောင်းခံရမယ်။ သတိပေးခံရမယ် ဒီလောက်ပဲ။ တကယ်တော့ ဒီကိစ္စကို အဂတိကော်မရှင်က ကိုင်တွယ်ရမှာ။ အဲဒီမှာ အများပြည်သူ လိုချင်တဲ့ အဖြေမျိုးရမှာ”ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၁၃ ရက်က ရွှေတံခါးမှူး Facebook စာမျက်နှာတွင် ထွက်ပေါ်ခဲ့သည့် အကောက်ခွန် ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်၏ ပြောကြားချက်များတွင် “အားလုံးဟာ ဘေးအန္တရာယ် ကင်းရှင်းဖို့ လိုတယ်။ အချင်းချင်း စည်းစည်း လုံးလုံး ညီညီညွှတ်ညွှတ်ရှိဖို့ကို အားလုံး ကျေနပ်နေဖို့ လိုတယ်နော်။ သဘောတူနေဖို့ လိုတယ်။ သို့သော် အဲဒီအထဲမှာ ကိုယ့်လက်ရှိအဆင့်ထက် ကျော်လွန်ပြီးတော့မှ လောဘ မတက်ပါနဲ့နော်။ ဆင်လည်း ဆင်အစာ၊ မြင်း လည်း မြင်းအစာ၊ ဆိတ်လည်း ဆိတ်အစာ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အစာ သူ့အစာနဲ့သူ ရှိပါတယ်”ဟု ပါဝင်ခဲ့ သည်။