ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မေလ ၁၇ ရက်နေ့မှ စတင်ကာ သွားရောက် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို ၂ နိုင်ငံ ပူးပေါင်းအဖွဲ့ဖြင့် ဆွေးနွေးဆုံးဖြတ်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဦးဆောင် သွားရောက်ခြင်း ဖြစ်ပြီး ရခိုင်အရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များလည်း လိုက်ပါသွားကြောင်း လူ မှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကတော့ ကျနော်တို့ ဒီမှာ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်လို့ရှိရင် Physical Arrange မှာ ဆွဲထားပြီးသား ဖြစ်တဲ့ ၂ နိုင်ငံ သဘောတူညီပြီးသား သဘောတူညီချက် အစီအစဉ်ရှိတယ်။ အဲဒီအစီအစဉ်ကြီး အထမြောက်အောင်မြင်အောင် ၂ နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်လို့ရအောင် ညှိနှိုင်းဖို့ သွားတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ အချိန်တွင် မြန်မာ အစိုးရသည် ဒုက္ခသည်များ ပြန်လည် လက်ခံရေးတွင် နှောင့်နှေးမှုများ ဖြစ်အောင် ဆောင်ရွက်နေသည်ဟု နိုင်ငံတကာမှ စွပ်စွဲပြစ်တင်လျက်ရှိပြီး ယနေ့ အချိန်အထိ ဒုက္ခသည် တဦးတယောက်မှ လက်ခံနိုင်ခြင်း မရှိသည့်အပေါ် အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေး ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။
လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကိုယ်တိိုင် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားသို့ သွားရောက်ခဲ့ပြီး မည်သည့် အတွက် ကြောင့် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေသည်ကို သွားရောက်မေးမြန်းခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ အစိုးရသည် ဒုက္ခသည်များ ပြန်လည် လက်ခံရေး အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
“၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ကတည်းက ပြင်ထားပါတယ်။ သို့သော် တယောက်မှ မရောက်လာဘူး။ ဒါဟာ တဖက်နိုင်ငံကနေပြီးတော့ မပို့ချင်တဲ့ မရောက်စေချင်တဲ့ သဘောလည်းပါမယ်။ ဒီ Process ကို မစ စေချင်တဲ့သဘောလည်း ပါမယ်။ ဒါကတော့ သူတို့ရဲ့ နိုင်ငံရေးအခြေအနေတွေ အကြောင်းကြောင်းေကြောင့် ဖြစ်တယ်”ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မကြာမီ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပရန် ရှိနေပြီး လက်ရှိ ရှိတ်ဟာဆီနာ ဦးဆောင်သော အစိုးရနှင့် အတိုက်အခံများကြားတွင် မွတ်စလင် ဒုက္ခသည်များအရေးကို နိုင်ငံရေးအရ အသုံးချမှုများ ရှိနေကြောင်း မြန်မာ နိုင်ငံရေး အသိုင်းအဝိုင်းမှ ဝေဖန်လျက်ရှိသည်။
ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ၎င်း၏ ခရီးစဉ်အတွင်း မွတ်စလင် ဒုက္ခသည်များသည် နေရပ်သို့ ပြန်ချင်သည်ဟု ပြောဆိုကြောင်း၊ သို့သော် မည်သည့်ပုံစံဖြင့် ပြန်လာရမည်ကို မသိကြကြောင်း၊ ထို့ကြောင့် ပြန်လာမည်ဆိုပါက လုပ်ကိုင်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြခဲ့ကြောင်း သိရသည်။
“ဒါကို စဖို့အတွက် သဘောတူညီချက်အတိုင်း ဘာမှ မဆောင်ရွက်တာ တဖက်နိုင်ငံက ဖြစ်ပါတယ်။ သို့သော် ကမ္ဘာ့အလည်မှာ ကျနော်တို့က မစသေးဘူး။ ကျနော်တို့ နိုင်ငံကို ဖိအားပေးရမယ်။ တကယ်တမ်းဆိုရင် ကျနော်တို့က အဆင်သင့် ဖြစ်နေတာကြာပြီ။ သူတို့ ပြန်လည်စဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုမရှိတာ”ဟု ဒေါက်တာ ဝင်းမြတ်အေးက မနေ့ က နေပြည်တော်တွင် ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးကြောင်း သိရသည်။