အင်္ဂလန်ဘဏ်တခုမှ ဘဏ်အကောင့်များကို ဖောက်ထွင်း၍ အချက်အလက်များကို ခိုးယူပြီး ဘဏ်ကို ငွေညှစ်သည့် ပြင်သစ်နိုင်ငံသား ဆိုက်ဘာရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲတပ်ဖွဲ့က ကော့စမွေ ခရိုင်တွင် ယနေ့နံနက်က ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုသည်။
အဆိုပါ ပြင်သစ်နိုင်ငံသားမှာ အသက် ၂၅နှစ်အရွယ်ရှိ ဂျိုနာသန် ဗာရွန်ဆိုသူဖြစ်ပြီး၊ သူ့အား ဘဏ်၌ ငွေအပ်နှံသူများ၏ ဘဏ္ဍာရေး အချက်အလက်အသေးစိတ်ကို ခိုးယူမှု၊ ယင်းသတင်းအချက်အလက် များနှင့် ပတ်သက်၍ ဘဏ်ကို ငွေကြေးတောင်းခံမှုနှင့် ပြင်သစ်နိုင်ငံက အလိုရှိနေသူဖြစ်သည်။
၎င်းရှိမည်ထင်သည့် နေရာ ၃နေရာကို စီးနင်းရာ ကော့စမွေခရိုင် မယ်နမ်မြို့နယ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ဖမ်းဆီးရာတွင် ထိုင်းရဲတပ်များသာကမက ပြင်သစ်သံရုံးမှ အရာရှိများ၊ ပြင်သစ်ရဲတပ် ဖွဲ့ဝင်များ ပါဝင် ကြောင်း သိရသည်။
၎င်းနှင့်အတူ ဆေးခြောက်များ၊ ကွန်ပြူတာ၊ ဖုန်းများကို သိမ်းဆည်းရမိပြီး၊ ၎င်းသည် မူးယစ်ဆေး ဝါးနှင့် သေနတ်များကိုပါ အင်တာနက်မှနေ၍ ရောင်းချခဲ့သူဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂နှစ်ခန့်က ပြင်သစ်မှ ထွက်ပြေးသွားပြီးနောက် ထိုင်းနိုင်ငံတွင် လာရောက်ပုန်းအောင်းနေခြင်းဖြစ်ကြောင်း ဆိုသည်။
လတ်တလော သူ့ကို ဆေးခြောက်များ လက်ဝယ်တွေ့ရှိမှုဖြင့် ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်က ကော့စမွေ တွင် ချုပ်နှောင်ထားပြီး နောက်ပိုင်းတွင် ပြင်သစ်ရဲတပ်ဖွဲ့ သို့ လွှဲအပ်မည်ဟု သိရသည်။