တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု တဟုန်ထိုးမြင့်တက်လာရခြင်းမှာ တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာမှုကြောင့်ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ မေလ ၁၇ ရက်က အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ဦးကျော်ကျော်လွင် က “အိမ်နီးချင်းနိုင်ငံတခုရဲ့ ဈေးကွက်တောင်းဆိုမှုဟာ စားသုံးဖို့ အတွက်ရော ဆေးဖော်ဖို့ရာပါ ဆင်ရဲ့ နှာမောင်း၊ အရေခွံနဲ့ အသားတွေ ပါလာတဲ့ အတွက်ကြောင့် တောဆင်ရိုင်း သတ်ဖြတ်မှုဟာ တဟုန်ထိုး တိုးတက်လာပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းနှင့် အိမ်မွေးဆင်ဟူ၍ ၂ မျိုးရှိပြီး တောဆင်ရိုင်းမှာ တောထဲ၌ ပုံမှန် သေဆုံးခြင်းနှင့် သတ်ဖြတ်ခံရခြင်းနည်း ၂ မျိုးအနက် သတ်ဖြတ်ခံရသဖြင့် သေဆုံးမှု ပိုမိုများနေကြောင်းသိရသည်။
ယခင်ကတောဆင်ရိုင်းများကို တရားမဝင် သတ်ဖြတ်ခြင်းမှာ ဆင်စွယ်တခုတည်း၏ ဈေးကွက်ကြောင့် ဖြစ်ပြီး ယခုသတ်ဖြတ်မှုမှာ တရုတ်နိုင်ငံမှ ဆင်အသား၊ အရေခွံ၊ အစွယ်နှင့် နှာမောင်းတို့ကိုပါ ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ယခုကဲ့သို့ သတ်ဖြတ်မှုများ မြှင့်တက်နေရကြောင်း ဦးကျော်ကျော်လွင်က ရှင်းပြသည်။
“တောဆင်ရိုင်းတွေ တပတ်ကို တကောင်နှုန်း လောက်ကို သေဆုံးနေမယ်ဆိုရင် နောင် အနှစ် ၂၀၊ ၃၀ လောက်မှာ အကောင်ရေက အရမ်းကို ကျသွားနိုင်ပါတယ်” ဟု ဦးကျော်ကျော်လွင်က ဆိုသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဆင်များကိုသတ်ဖြတ်မှု အများဆုံး ဖြစ်ပေါ်နေကြောင်း သတ်ဖြတ်သူများကို ဖမ်းဆီးနိုင်ရန် အတွက် လုပ်ဆောင်နေသော်လည်းသစ်တောဝန်ထမ်းအင်အား ၃ ရာခန့်သာရှိသဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၎င်းက ပြောသည်။
ဆင်များကို ယခင်က ဆင်စွယ်လိုချင်၍သာ စွယ်စုံဆင်များကို သတ်ဖြတ်လေ့ရှိကြပြီး ယခုနောက်ပိုင်း၌ ဆင်တကိုယ်လုံးအသုံးချလို့ရသည် ဟုဆိုကာ တောဆင်ရိုင်းများကို ဆင်မုဆိုးများက ပစ်မှတ်ထားလာကြကြောင်း မြန်မာ့သစ်လုပ်ငန်း မန်နေဂျာ ဒေါက်တာ ဇော်မင်း (ဆင်ဆေးကု) က ဧပြီလ ၁၈ ရက်၌ ဧရာဝတီသို့ ဖြေကြားထားသည်။
“ဆင်နှာမောင်းဆို ကြွက်သား ၁ သိန်းကျော်ရှိတယ်။ သူတို့ နှာမောင်းက လိုရာကိုလှုပ်ရှားနိုင်တယ် သန်မာတယ် စွပ်ပြုတ် လုပ်သောက်ရင် အားရှိတယ် ဆိုပြီးတလွဲယုံကြည်မှုတွေနဲ့ ပိုစားသုံးကြတယ်” ဟု ၎င်းက ပြောကြားသွားသည်။
တောဆင်ရိုင်းများကို သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်း၍ ဆင်ပစ်မုဆိုး သတင်းပေးနိုင်ပါက သတင်းပေးသူကို ငွေကျပ်သိန်း ၃၀ ဆုချီးမြှင့်ကြောင်း ယင်းအစီအစဉ်ကို ယခုနှစ် ဇန်နဝါရီလ အတွင်းက စတင်ခဲ့ရာ ဧရာဝတီတိုင်း အတွင်းမှ သတင်းပေးသူအား မတ်လအတွင်းက ဆုချီးမြှင့်ပေးခဲ့ကြောင်း ဦးကျော်ကျော်လွင်က ရှင်းပြသည်။
၂၀၁၇ ခုနှစ်အတွင်း တောဆင်ရိုင်း သတ်ဖြတ်မှုကြောင့် ဆင်မုဆိုးတရားခံ ၅၆ ယောက်အား တရားရုံးတင်နိုင်ခဲ့ပြီးယခု ၂၀၁၈ ခုနှစ် အတွင်း၌မူ တရားခံဖမ်းဆီးရရှိမှု ၆ မှုသာရှိသေးကြောင်းသိရသည်။
တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု တနှစ်ထက် တနှစ်ပို၍ မြင့်တက်လျှက်ရှိရာ ၂၀၁၄ ခုနှစ်အတွင်းပုံမှန်သေဆုံးမှုမှာ ၂၅ ကောင်၊ သတ်ဖြတ်ခံရမှုကြောင့် ၇ ကောင် သေဆုံးခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း ပုံမှန်သေဆုံးသည့် ကောင်ရေ ၁၅ ကောင်၊ သတ်ဖြတ်ခံရမှုမှာ ၂၀ ကောင်နှင့် ၂၀၁၆ ခုနှစ်၌ သတ်ဖြတ်ခံရမှုမှာ ၁၈ ကောင်၊ ၂၀၁၇ ခုနှစ်၌ ပုံမှန်အတိုင်း သေဆုံးမှုမှာ ၁၃ ကောင်၊ သတ်ဖြတ်ခံရမှုမှာ ၄၆ ကောင်ထိ အများဆုံး သတ်ဖြတ်ခံခဲ့ရကြောင်း သစ်တော ဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။
မြန်မာနိုင်ငံအတွင်း၌ နိုင်ငံပိုင် ဆင်ကောင်ရေ၃ ထောင်နှင့် ပုဂ္ဂလိကပိုင် ဆင်ကောင်ရေ ၂၅၀၀ ရှိသဖြင့် ဆင်ကောင်ရေစုစုပေါင်း ၅၅၀၀ ခန့်အထိရှိကြောင်းဆင်၏ သက်တမ်းမှာလူ၏ သက်တမ်းတူညီကြောင်းသိရသည်။
ဆက်စပ် ဖတ်ရှုရန် – သာပေါင်းတွင် အစွယ်ဖြတ်ခံထားရသည့် စွယ်စုံဆင်သေတကောင် တွေ့