ယခင်နှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား ယုံကြည်လက်ခံနိုင်သော စုံစမ်း စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဆက်လက်ဖိအားပေးနေချိန်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် – ARSA အဖွဲ့က အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်က မေလ ၁၄ ရက်နေ့က တိုက်တွန်းခဲ့သည်။
မေလအစောပိုင်းက လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့ပြီးနောက် နယူးယောက်တွင် ကျင်ပသည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထိုသို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှ လုံခြုံရေးစခန်း ၃၀ ကို လွန်ခဲ့သောနှစ်သြဂုတ်လတွင် ARSA အဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းကို မြန်မာအစိုးရတပ်များက နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀၀၀၀ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြရသည်။ စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များက မီးရှို့မှု၊ အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်မှုများရှိခဲ့ကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ်လာသည်။
ထိုဖြစ်ရပ်ကြောင့် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထားအရေးယူမှုများ ချမှတ်ခဲ့ပြီး လူ့အခွင့်အရေးအုပ်စုများကမူ ဒုက္ခသည်များ ဘေးကင်းစွာပြန်လာနိုင်ရေးကို ကုလသမဂ္ဂက ကူညီရန်နှင့် မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံး – ICC သို့လွှဲပြောင်းပေးရန် တိုက်တွန်းခဲ့သည်။ ARSA အဖွဲ့ကလည်း ဇန်နဝါရီလမှစတင်ပြီး နှုတ်ဆိတ်မသွားမီအထိ မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားပေးရန် တောင်းဆိုခဲ့သည်။
မေလ ၁၄ ရက်နေ့ကကျင်းပသော ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အင်္ဂလန်နှင့် နယ်သာလန်နိုင်ငံများမှ ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်တွင် ၎င်းတို့မြင်တွေ့ခဲ့သည့် ကျေးရွာများကို အကြီးအကျယ် ဖျက်ဆီးမှုများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုုက္ခသည်များထံမှ မင်းတို့ကြားသိခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကို ပြန်လည်တင်ပြခဲ့သည်။
ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လုံခြုံရေးကောင်စီ ကိုုယ်စားလှယ်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လေ့လာသည့်ကိစ္စမှာ အရေးကြီးကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီ ကပြောသည်။ လုံခြုံရေးကောင်စီ၏ အထက်ပါခရီးစဉ်နှင့် ပတ်သက်သော အကြောင်းရင်းများအနက် တခုမှာ မြန်မာအာဏာပိုင်များ၏ စိတ်ပျက်စရာ တုံ့ပြန်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် အကျပ်အတည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ဝန်ခံမှု မရှိခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။
“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တိုးတက်မှုအတွက် ဒီလိုအခြေအနေဟာ လက်ခံနိုင်ဖွယ် မရှိသလို တိုးတက်မှုလည်း ရနိုင်ချေ မရှိဘူး။ ဒီ့အပြင် လုံခြုံရေးကောင်စီအနေနဲ့ အခုအချိန်မှာ တခုခုလုပ်ဖို့ ဆန္ဒရှိရမယ်။ အချိန်က ကျမတို့ဖက်မှာ မရှိဘူး။ မိုးရာသီက စတင်နေပြီဖြစ်ပြီး သိန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေအတွက် အန္တရာယ် ကျရောက်နေပြီဖြစ်တယ်” ဟုလည်း ဆက်လက်ပြောကြားသည်။
မြန်မာ လုံခြုံရေးတပ်များကို စွပ်စွဲထားသော အခွင့်အရေးချိုးဖောက်မှုများကို ယုံကြည်လက်ခံနိုင်သော အမှီအခိုကင်းသည့် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူကို လွန်ခဲ့သော ဒီဇင်ဘာမှ စတင်ပြီး ဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းအား ရုတ်သိမ်းရန်လည်း မြန်မာနိုင်ငံကို သူတောင်းဆိုသည်။ ရိုဟင်ဂျာများ၏ အခြေခံအခွင့်အရေးများကို လေးစားရန် သူက မြန်မာနိုင်ငံကိုတောင်းဆိုခဲ့သည်။ သို့သော် မွတ်စလင် မဟုတ်သူများကို ARSA အဖွဲ့က အကြမ်းဖက်သတ်ဖြတ်ခဲ့ခြင်းကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။
လွန်ခဲ့သော စက်တင်ဘာလက ရခိုင်ပြည်နယ်မောင်တောမှ ဒေသခံများ ဟိန္ဒူကျေးရွာသား ၄၅ ဦးတို့၏ အလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသော နေရာတခုကို တူးဖေါ်ခဲ့သည်။ ထို အသတ်ခံရသူများ မည်သူမည်ဝါဖြစ်သည်ကို ၎င်းတို့၏ဆွေမျိုးများက ဖေါ်ထုတ်ပေးနိုင်ခဲ့သည်။
လူ့အခွင့်ရေးချိုးဖောက်မှုများကို ခိုင်မာသော အထောက်အထားနှင့်တကွ တင်ပြလာလျှင် မိမိနိုင်ငံအနေဖြင့် မည်သည့် တပ်ဖွဲ့ဝင်ကိုမဆို အရေးယူသွားမည်ဟူသည့် မြန်မာစစ်ဖက်အကြီးအကဲ၏ စကားကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထပ်မံပြောကြားခဲ့သည်။
လက်ရှိ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် သြဂုတ်လအတွင်းက လုံခြုံရေးတပ်စခန်းများကို ARSA တိုက်ခိုက်ခဲ့ခြင်းက အစပျိုးခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံအမတ်က အပြစ်တင်ပြီး အနောက်နိုင်ငံမီဒီယာများသည် ဟိန္ဒူ၊ မရမာကြီးနှင့်မြိုများ အပါအဝင် ရခိုင်ပြည်နယ်မှ လူမျိုးစုများကို အကြမ်းဖက်အုပ်စုက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို မျက်ကွယ်ပြုကာ “ ဖိနှိပ်ခံ မွတ်စလင် ဇာတ်လမ်း” ကိုသာ ရှေ့တန်းတင်နေသည်ဟုလည်း သူစွပ်စွဲသည်။
“ရခိုင်ပြည်နယ်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ARSA အဖွဲ့မှာ တာဝန်ရှိကြောင်း ဖေါ်ထုတ်ရမယ်။ ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ထည့်သွင်းစုံစမ်းစစ်ဆေးရမယ်” ဟု မြန်မာသံအမတ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့သည့် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး အစီအစဉ် နှင့် ပတ်သက်ပြီး သတင်းဖြန့်သူ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်စလင်များကို ARSA အဖွဲ့က သတ်ဖြတ်ခဲ့သည်ဟုလည်း မြန်မာသံအမတ်က စွပ်စွဲသည်။ ယနေ့အထိ မည်သည့်ဒုက္ခသည် တဦးတယောက်ကိုမျှ ပြန်လည်ပို့ဆောင်နိုင်ခြင်း မရှိသေးဘဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် နှောင့် နှေးမှုများအတွက် အပြန်အလှန် အပြစ်တင်နေကြသည်။
ကုလ လုံခြုံရေးကောင်စီ၏ မောင်တော ခရီးစဉ်အတွင်း မွတ်စလင်မဟုတ်သူ အများအပြားတို့က ARSA ၏ တိုက်ခိုက်မှုများကို ပြောကြားရန် လာရောက်ခဲ့သော်လည်း ရခိုင်တဦးနှင့် ဟိန္ဒူတဦးသာ စကားပြောရန် အချိန်ရခဲ့သည်ကိုလည်း မြန်မာအမတ်က ထောက်ပြပြောဆိုသည်။
“ဘက်လိုက်ပြီး ကိုယ်နားထောင်ချင်တဲ့ဖက် နားထောင်သူတချို့က ရခိုင်ပြည်နယ် လူမျိုးစုတွေရဲ့ ကြေကွဲစရာဇာတ်လမ်းတွေကို မကြားသိဟန်ပြုနေခြင်းဟာ ဝမ်းနည်းစရာကောင်းတယ်” ဟု မြန်မာသံအမတ်က ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ARSA အသံတိတ်နေခြင်းအား စူးစမ်းခြင်း
(အင်္ဂလိပ်ဘာသာဖြင့် Myanmar Tells UN to Investigate ARSA at Security Council Meeting တွင် ဖတ်ရှုပါ။)