သတင်း

ပါကစ္စတန်ရှိ မြန်မာသံရုံးလုံခြုံရေး သမ္မတအရေးပေါ် ရန်ပုံငွေမှ ကျပ်သန်း ၃၀၀ ကျော် သုံးစွဲ

Want create site? Find Free WordPress Themes and plugins.

ရခိုင်အရေးကို အကြောင်းပြု၍ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ရှိ မြန်မာသံရုံးကို တိုက်ခိုက်ရန် အကြမ်းဖက် အဖွဲ့အစည်းများ၏ စီစဉ် ဆောင်ရွက်လာမှုကြောင့် ယင်းသံရုံး၏ လုံခြုံရေးကို မြင့်တင်ရန် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ်သန်း ၃၁၉ ဒသမ ၆၆၇၆၆ သန်းကို သုံးစွဲလိုက်ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်စဉ်များကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တွင် ဆန္ဒပြမှုများ မြင့်မားစွာ ဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်မာဘတ်မြို့ရှိ မြန်မာသံရုံးအား အကြမ်းဖမ်းအဖွဲ့ အစည်းများက တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခိုင်လုံသော သတင်းပေးပို့ချက် ရရှိခဲ့ရာမှ စခဲ့သည်ဟုဆိုသည်။

အဆိုပါ သတင်းပေးပို့ချက်ကို ပါကစ္စတန် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်မှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ပြီးနောက် သံရုံးလုံခြုံရေး အတွက် ပြင်ဆင်ရာတွင် အဆိုပါငွေပမာဏ ကုန်ကျခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင် က ယနေ့ ကျင်းပသည့် လွှတ်တော်တွင် တင်ပြခဲ့သည်။

ဝန်ကြီး ဦးကျော်တင်က “အိမ်ရှင်နိုင်ငံရဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗျူရိုမှ ပေးပို့လာတဲ့ ထောက်လှမ်းရေး သတင်းများအရ မြန်မာနိုင်ငံ သံရုံးအား အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာနိုင်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်” ဟု ပြောသည်။

ထို့ကြောင့် သာမန်အားဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စရပ်များ အတွက် သံတမန်များဆိုင်ရာ ဗီယက်နာ ကွန်ဗန်းရှင်း အရ အိမ်ရှင်နိုင်ငံက ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန်ရှိကြောင်း၊ အစ္စလာမ်မာဘတ်မြို့ သံအမတ်ကြီး အပါအဝင် အရာထမ်း၊ အမှုထမ်းများ၏ လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ပေးနိုင်ရေး အတွက် မြန်မာသံရုံးက အိမ်ရှင်နိုင်ငံ သံတမန် ရဲတပ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ် ခဲ့ရကြောင်းသိရသည်။

ဦးကျော်တင် က “အဲလိုဆွေးနွေးတဲ့အခါ အိမ်ရှင်နိုင်ငံကနေ လုံခြုံရေးဆိုင်ရာ အစီအမံဆောင်ရွက်မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနဲ့ သံရုံးဘက်ကလည်း လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အဆောက်အဦ ပြင်ဆင်ခြင်း လုပ်ငန်းတွေ၊ စက်ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တောင်းဆိုလာခဲ့ပါတယ်” ဟု လွှတ်တော်တွင် ရှင်းပြသည်။

မြန်မာသံရုံး လုံခြုံရေးအတွက် ခြံစည်းရုံးများ မြှင့်တင်ခြင်း၊ သံဆူးကြိုးလိပ်များ မြှင့်တင်ခြင်း၊ အဆင့်မြင့် အဝင်ဂိတ် နှစ်ထပ်တံခါးများ တပ်ဆင်ခြင်းများ အပါအဝင် လုံခြုံရေး အစီအမံများ ဆောက်လုပ် တပ်ဆင်အသုံးပြုမည့် ပစ္စည်းကိရိယာများ၏ အသေးစိတ် အချက်အလက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့တင်ပြလာသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ လျာထားမှု မရှိခဲ့၍ သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့ရကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် မြန်မာသံရုံး၊ အစ္စလာမ်မာဘတ်မြို့တွင် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ မဖြစ်မနေ အကောင် အထည်ဖော် ဆောင်ရေး အတွက် အရေးပေါ် ရံပုံငွေမှ ကျခံသုံးစွဲခွင့်ကို ၂၀၁၈ ခုနှစ် မတ်လတွင် လျှောက်ထားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ၆ လ စီမံကိန်းတွင် ၎င်းလုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ဝန်ကြီး ဦးကျော်တင်က “ယခုတင်ပြခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ဖြစ်သည့် ငွေကျပ် ၃၁၉ ဒဿမ ၆၆၇၆၆ ကျပ်သန်းအား အစ္စလာမ်မာဘတ်မြို့၊ မြန်မာသံရုံးရဲ့ လုံခြုံရေးအရ အရေးတကြီး လိုအပ်လျက်ရှိတဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများအတွက် အရေးပေါ် ရံပုံငွေမှ ကျခံသုံးစွဲနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ခွင့် ပြုနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ပြောသည်။

ယခုသံရုံးကိစ္စအတွက် သမ္မတ၏ အထူးရန်ပုံငွေထဲမှ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အသုံးပြုလိုက်ခြင်းဖြစ်ပြီး သမ္မတက ၎င်း၏ အသုံးပြုထားမှုကို ပြည်ထောင်စု လွှတ်တော်သို့ မှတ်တမ်းတင်ထားနိုင်ရန် တင်ပြသည့် သဘောဖြစ်ကြောင်း၊ လွှတ်တော်၏ ခွင့်ပြုချက် မလိုဘဲ အသုံးပြုခွင့် ရှိကြောင်း ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောသည်။

ဦးအောင်သောင်းရွှေ က “ကျနော်တို့ နိုင်ငံရဲ့ သံရုံးတွေက နိုင်ငံတကာမှာရှိတယ်။ အဲဒီသံရုံးတွေကိုလည်း နိုင်ငံတကာရဲ့ ဥပဒေနဲ့အညီထားတာပဲ။ အဲဒီသံရုံးတွေရဲ့ လုံခြုံရေး အတွက်ကို သက်ဆိုင်ရာ နိုင်ငံတွေက တာဝန်ယူရတယ်။ တစုံတရာ ကျနော်တို့ သံရုံးမှာ ဖြစ်လာရင် အဲဒီနိုင်ငံမှာပဲ တာဝန်ယူပေးရမယ်။ ဒါပေမယ့် ကိုယ့်လုံခြုံရေး အတွက်ကိုလည်း ကိုယ့်ဘာသာ ကာဗာယူရတဲ့ သဘောတော့ ရှိတာပေါ့” ဟု ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အနေဖြင့် အမည်ပေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အစိုးရ လုံခြုံရေး ကင်းစခန်းများကို ARSA အကြမ်းဖက် အဖွဲ့က အလစ်ဝင်၍ တိုက်ခိုက်ခဲ့ပြီး ဒေသခံ ရခိုင်၊ မြိုနှင့် ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်ခဲ့သဖြင့် တပ်မတော်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ချိန်တွင် ထိုဒေသရှိ သိန်းနှင့်ချီသော မွတ်ဆလင်များက တဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ထွက်ခွာခဲ့ကြသလို တပ်မတော်၏ ဆောင်ရွက်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟု သတင်းထွက်ခဲ့ပြီးနောက် ပါကစ္စတန်ရှိ မြန်မာသံရုံးကို ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်ခံရနိုင်သည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသတွင် ၂၀၁၂ ခုနှစ်က ပဋိပက္ခများဖြစ်ပွားခဲ့စဉ်တုန်းကလည်း မြန်မာသံရုံးကို ပိတ်ပြစ်ရန် တာလီဘန် အကြမ်းဖက်အဖွဲ့များက ပါကစ္စတန် အစိုးရကို သတိပေးခြိမ်းခြောက်မှု ပြုလုပ်ခဲ့သေးသည်။

ဆက်စပ် ဖတ်ရှုရန် – ခြိမ်းခြောက်မှုများကြောင့် ပါကစ္စတန်ရှိ မြန်မာသံရုံး လုံခြုံရေးတင်းကျပ်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading