ရွှေတိဂုံစေတီတော်ကြီးသည် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေ ၆၇ ဘီလျံနှင့် အမေရိကန် ဒေါ်လာ ၁၅.၂ သန်း (မြန်မာကျပ်ငွေ ၂၀.၅ ဘီလျံ) ဝင်ငွေရှိခဲ့ကြောင်း သိရသည်။
ထိုကာလအတွင်း နိုင်ငံပိုင် မြန်မာ့စီးပွားရေး ဘဏ်က ပေးသည့် ရွှေတိဂုံဘုရားနှင့်ပတ်သက်သော အပ်ငွေ အတိုးနှုန်းမှ ဒေသဆိုင်ရာအစိုးရ၏ ဝင်ငွေမှာ မြန်မာကျပ်ငွေ ၄၇၆.၄ သန်းရှိသည်ဟု တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းလွှတ်တော်သို့ မေလ ၁၆ ရက်နေ့က ပြောခဲ့သည်။
ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်နှင့် စွယ်တော် စသည့် ရန်ကုန်မြို့မှ ထင်ရှားသော စေတီတော် များ၏ ဝင်ငွေနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးမြန်းမှုကို တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုစေတီတော်များ အားလုံးသည် ပြည်တွင်းပြည်ပ ဘုရာဖူးများအကြား ကျော်ကြားလှသော စေတီတော်များ ဖြစ်သည်။ ထိုစေတီတော်များ၏ ဝင်ငွေကို မည်သည့်အခါကမျှ လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်းမပြုသလို၊ လွှတ်တော်သို့ တင်ပြခြင်းလည်း မရှိခဲ့ကြောင်း ဦကျော်ဇေယျက ပြောသည်။
ထိုငွေများတွင် ဘုရားဖူးများ၏ လှူဒါန်းငွေများနှင့် ကားရပ်နားရန်နေရာ၊ စေတီတော်ပတ်ဝန်းကျင်တွင် ရွှေမိုက်ရှာခြင်း စသည့် ဘုရားနှင့် ပတ်သက်သော လုပ်ငန်းများအတွက် ကန်ထရိုက် တင်ဒါခေါ်ခြင်းမှ ရငွေများပါဝင်သည်။
စေတီတော် ဂေါပက အဖွဲ့များသည် ထိုငွေများကို ဘတ်ဂျက်မူဝါဒများနှင့်အညီ ဘဏ်စာရင်းများတွင် အပ်နှံခြင်း ရှိမရှိ၊ ဘဏ်တခုစီတွင် အပ်နှံသော စုစုပေါင်းပမာဏ၊ ဂေါပက အဖွဲ့ဝင်များရွေးချယ်ပုံ အဆင့်ဆင့် အသေးစိတ် စသည်တို့အပါအဝင် မေးခွန်းအများအပြားကို ဦးကျော်ဇေယျက မေးမြန်းခဲ့ပြီး ခန့်အပ်ခံရသူများသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး စေတီတော်များကို ကောင်းစွာထိန်းသိမ်း နိုင်သူများဖြစ်သင့်ကြောင်း ထောက်ပြခဲ့သည်။
အဆိုပါ စေတီတော်များ၏ ဂေါပက အဖွဲ့ဝင်လောင်းများကို ရွေးချယ်ရေးအဖွဲ့ဝင်များက အရည်အသွေး မစစ်ဆေးမီ သာသနာရေးဌာနနှင့် တိုင်းအစိုးရ အရာရှိများက စစ်ဆေးမှုပြုလုပ်သည်ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ ခန့်အပ်ခံရသူအားလုံးကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဘာသာရေး အာဏာပိုင်ဖြစ်သည့် သံဃာ့နာယကအဖွဲ့က အတည်ပြုရန် လိုသည်ဟုလည်း သူက ဆက်ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆူးလေစေတီတော်သည် ကျပ် ၁၆ သန်း၊ ကမ္ဘာအေးစေတီတော်သည် ကျပ် ၈၉ သန်း၊ ဗိုလ်တထောင် စေတီတော်သည် ကျပ် ၁၄.၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၅.၂ သန်း၊ စွယ်တော်စေတီတော်သည် ကျပ် ၁၅.၈ သန်း ဝင်ငွေရရှိကြောင်း လူမှုရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။
စေတီတော် ဂေါပကအဖွဲ့များသည် ဝန်ကြီးဌာနများနှင့် တူညီသော ဘဏ္ဍာရေး ပြက္ခဒိန်နှင့် စာရင်း ထိန်းသိမ်းမှု ပြုလုပ်ကြောင်းနှင့် ၎င်းတို့၏ အသုံးစရိတ် ငွေစာရင်းရှင်းတမ်းများကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးကြောင်းလည်း သူက ပြောပြသည်။ ရှေ့လာမည့်နှစ်များတွင် စာရင်းစစ် အစီရင်ခံစာများကို လွတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်းလည်း လူမှုရေးဝန်ကြီးက ရှင်းပြသည်။
စေတီတော်များ၏ ဝင်ငွေများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိသောကြောင့် သာမန် မြို့သူမြို့သားများ မသိရှိကြကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
လွှတ်တော်တွင် တိုင်းဒေသကြီးဝန်ကြီး လာရောက်ဖြေကြားသောအခါက ငွေပမာဏနှင့်ပတ်သက်ပြီး သူကိုယ်တိုင်ပင် အံ့သြမိသည်ဟုလည်း ဒေါ်ကြည်ပြာက ဆိုသည်။
“မယုံနိုင်လောက်အောင် များတဲ့ငွေတွေ” ဟု သူက ပြောသည်။
ထိုငွေများကို တနိုင်ငံလုံးရှိ ဆင်းရဲနွမ်းပါးသည့် သီလရှင်နှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များသို့ ခွဲဝေပေးသင့်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်း ခြံဝန်းနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် သုံးသင့်သည်ဟု ယူဆကြောင်းလည်း ၎င်းက ထောက်ပြသည်။
ရန်ကုန်နှင့် ပဲခူးတိုင်းများတွင်ပင် ဘုန်းတော်ကြီး ကျောင်းများ ခြံစည်းရိုး မခတ်နိုင်၊ ဆေးမသုတ်နိုင် ဖြစ်နေသည်ကို တွေ့ရကြောင်းလည်း ဒေါ်ကြည်ပြာက ဆိုသည်။
စေတီတော်များအနေဖြင့် လိုအပ်ချက်အတွက် ငွေကြေးသုံးစွဲရာတွင် သာသနာရေးဝန်ကြီးဌာနက ထိန်းကွပ်သည့် စည်းမျဉ်းစည်းကမ်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရကြောင်းလည်း သူက ဆက်ပြောသည်။
“ဒီငွေတွေအားလုံးကို ရွှေတိဂုံစေတီတော် တဆူတည်းမှာ သုံးနိုင်မယ်လို့ ကျမ မထင်ဘူး။ ငွေတွေအများကြီး ဘဏ်မှာ သေနေမှာ” ဟုလည်း သူက ပြောသည်။
အဆင်းရဲဆုံးနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေ အရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသော်လည်း မြန်မာနိုင်ငံသည် Charities Aid Foundation က ပြုလုပ်သည့် စစ်တမ်းဖြစ်သည့် ကမ္ဘာ့လှူဒါန်းနိုင်မှု အညွှန်းကိန်း၏ ထိပ်ဆုံးတွင်ရှိနေသည်။ ထိုအဆင့် သတ်မှတ်ခြင်းသည် အခြားသူများနှင့် အလှူခံအဖွဲ့များကို လှူဒါန်းသည့် လူဦးရေ အချိုးအစားပေါ်တွင်သာ အခြေခံပြီး လှူဒါန်းသည့် ပမာဏကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
(အင်္ဂလိပ်ဘာသာဖြင့် Shwedagon Pagoda Earns Nearly $65 Million in Fiscal 2016-17 တွင် ဖတ်ရှုပါ)