မွန်ပြည်နယ် မော်လမြိုင်မြို့၌ မေလ ၁၆ ရက် တရက်တည်းတွင် အမျိုးသမီး ၂ ဦး ဓားထိုးခံရသည့် အမှု နှစ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။
မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းအပိုင်၌ အမျိုးသမီး နှစ်ဦးကို ဓားနှင့်ထိုးသတ်သည့် ဖြစ်စဉ် နှစ်ခု ဖြစ်ပွားခဲ့ရာ အမျိုး သမီးတဦး သေဆုံးခဲ့ပြီး ကျန်တဦးသည် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသ ထားရကြောင်း မုပွန် ရဲစခန်းက ပြောပြသည်။
သေဆုံးခဲ့သော အမျိုးသမီးသည် အသက် ၃၂ နှစ်အရွယ် မူလတန်းပြ ဆရာမ ဒေါ်စုစုမြ ဖြစ်ပြီး လွန်ခဲ့သော တနှစ်ခွဲ ဝန်း ကျင်က ကွာရှင်းထားပြီး ဖြစ်သည့် ၎င်း၏ ခင်ပွန်းဟောင်း ဦးကျော်ပိုင် ၃၇ နှစ် က ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု မုပွန် နယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒေါ်စုစုမြသည် ၎င်း၏ သူငယ်ချင်း ဒေါ်ထိုက်စံမင်းနှင့် အတူ နေအိမ်သို့ ပြန်ရန် မောင်ငံ ဝန်ထမ်း အိမ်ရာဘက်မှ မြိုင်သာ ယာဘက်သို့ ဆိုင်ကယ်စီးလာစဉ် ဦးကျော်ပိုင်က လိုက်လာပြီး ဆိုင်ကယ် ရပ်ခိုင်းသဖြင့် မောင်ငံရပ်ကွက် အမှတ် (၄) တည်းခိုရေးတပ် အရှေ့၌ ဆိုင်ကယ် ရပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုနှစ်ဦး စကားများကြပြီးနောက် လုံးထွေးမှု ဖြစ်ပွားခဲ့ရာ ဦးကျော်ပိုင်က ၎င်း၏ ဘေးလွယ်အိတ်၌ အသင့်ပါလာ သော ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူး စိန်ဝင်းက ပြောပြသည်။
အမျိုးသမီးအား ဓားနှင့်ထိုးပြီး ထွက်ပြေးသွားသည် ဆိုသော ဦးကျော်ပိုင်သည် မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက်ရှိ မီကို ကော်ဖီမစ် ကုမ္ပဏီ ဝန်ထမ်းတဦးဖြစ်ပြီး လက်ရှိ ၎င်းကို ဖမ်းဆီးရမိခြင်း မရှိသေးဟုလည်း ဆိုသည်။
ဒေါ်စုစုမြတွင် အသက် ၆ နှစ်အရွယ် ကလေးတဦး ကျန်ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားသည့် အကြောင်းအရင်း အသေးစိတ်ကို မသိရရှိသေးကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်ပိုင်ကို မုပွန် နယ်မြေ ရဲစခန်းတွင် (ပ) ၃၈၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပါ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေး စုံစမ်းဆဲ ဖြစ်ကြောင်း မုပွန် ရဲစခန်းက ပြောသည်။
ထိုနေ့၌ပင် မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးသန္တာ ၃၉ နှစ်သည် ရန်ကုန်သို့ သွားရန်အတွက် မှတ်ပုံတင် မေ့ကျန်ခဲ့၍ အိမ်ပြန်ယူနေစဉ် လမ်း၌ တရပ်ကွက်တည်းနေ အမျိုးသား ၁ ဦးက ဓားဖြင့် ထိုးပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်းလည်း ဒုရဲမှူး စိန်ဝင်းက ပြောသည်။
သို့သော် တရားခံသည် တရပ်ကွက်တည်းနေသူ ဖြစ်သည်ဟု သိရသော်လည်း အသေးစိတ် အချက်အလက်များ စိစစ်နေ ဆဲ ဖြစ်ပြီး ဖြစ်ပွားရသည့် အမှု အသေးစိတ်ကို မသိရှိရသေး၍ မေ ၁၈ ရက်အထိ အမှု မဖွင့်လှစ်ရသေးဟုလည်း ဆိုသည်။
ဓားထိုးခံရသော ဒေါ်အေးသန္တာကို မော်လမြိုင် ဆေးရုံ၌ ပို့ဆောင် ကုသထားရာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရ သည်။