အစိုးရ၏ လုပ်သင့်လုပ်ထိုက်သော လစ်ဟာလုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လေ့ရှိသည့် အလွတ်သဘော ဒေသ ဆိုင် ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ (သို့) ဒေသန္တရ အုပ်ချုပ်ရေး အထောက်အကူပြု အဖွဲ့အစည်းများ (Informal Local Governance Institutions – ILGIs) ကို အသိအမှတ် ပြုသင့်ကြောင်း ပြည်ထောင်စု အင်စတီကျူ့ (PI) ၏ သုတေ သန စာတမ်းတွင် ဖော်ပြထားသည်။
PI နှင့် ဂျာမနီ အခြေစိုက် Konrad Adenauer Stiftung တို့မှ ပူးတွဲ ထုတ်ဝေသည့် “ဒါတို့နဲ့ဆိုင်တဲ့ကိစ္စ – အစိုးရ အုပ် ချုပ်ရေး ပြင်ပမှ ကျေးလက် ဒေသန္တရ ရှိ စီမံအုပ်ချုပ်မှုများကို လေ့လာသုံးသပ်ချက်”စာအုပ် မိတ်ဆက်ပွဲကို မေလ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စု အင်စတီကျူ့မှ သုတေသန ညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦး က “ILGIs တွေကို အရင်တုန်းကလည်း သိပ်အသိအမှတ်ပြုမှု မရှိခဲ့ဘူး။ အစိုးရ အပြောင်းအလဲမှာလည်း ပြည်ထောင်စုအဆင့် မှာတောင် ဟုတ်တိပတ်တိ ပြောင်းလဲမှု မလုပ်နိုင်သလို အောက်ခြေမှာလည်း ဘာမှမပြောင်းလဲဘူး” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် ဆောင်ရွက်နေသော ILGIs များ၏ အရေးပါမှုနှင့် ယင်း အဖွဲ့အစည်းများ အကြောင်းကို အလေးထား လေ့လာနိုင်စေရန် ရည်ရွယ်၍ ယခုစာတမ်းကို ပြုစုရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု အင်စတီ ကျူ့မှ သင်တန်းရေးရာ ညှိနှိုင်းရေးမှူး ဒေါ်မေဇင်သော် က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ယခုစာတမ်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်အစိုးရ၊ ဒေ သန္တရ အုပ်ချုပ်ရေးနှင့် အတူ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ကိုယ်စားပြုမှု ဆိုင်ရာများအတွက် ပိုမိုအားကောင်းလာစေ မည့် ဆွေးနွေးချက်များ ထွက်ပေါ်လာစေရန် တထောင့် တနေရာမှ အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
၇ လကျော် အချိန်ယူခဲ့သည့် အဆိုပါ စာတမ်းတွင် ဒေသခံအဖွဲ့အစည်း ရှမ်းပြည်နယ်အခြေစိုက် လူမှုညီညွတ်ရေး အသင်း (UP)၊ လွယ်ယင်း မင်္ဂလာကျေးရွာနှင့် ညိုမီးကျေးရွာ၊ ကယားပြည်နယ် အခြေစိုက် ကယန်း မျိုးဆက်သစ် လူငယ် (KNGY) နှင့် မွန်ပြည်နယ် အခြေစိုက် မွန်ဒေသ ရပ်ရွာဖွံ့ဖြိုးရေး အဖွဲ့အစည်း (MACDO) ၅ ခုတို့၏ အကြောင်း ကို အသေးစိတ် တင်ပြထားသည်။
ယင်း ဒေသန္တရအုပ်ချုပ်ရေး အထောက်အကူပြု အဖွဲ့အစည်းများသည် ဒေသတွင်း လယ်ယာမြေပြဿနာ၊ အငြင်းပွား မှု၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားရေးရာ စသဖြင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားဖြည့် ကူညီနေရုံ သာမက ဒေသခံ ရပ်ရွာအသိုင်းအဝိုင်းနှင့် ဒေသခံ အာဏာပိုင်အဖွဲ့များ (အရပ်သား၊ တပ်မတော်၊ စီးပွားရေး ကုမ္ပဏီ၊ လက်နက်ကိုင်အဖွဲ့) ကြား ဝင်ရောက် ဖျန်ဖြေမှုများပင် ပြုလုပ်ပေးနေသည်ဟု ဆိုသည်။
တိုင်းပြည်သည် ဗဟိုချုပ်ကိုင်မှုနည်းသော လူ့အဖွဲ့အစည်း တရပ်ဆီ ဦးတည်ရွေ့လျားနေသရွေ့ ILGIs များက ဆောင်ရွက် ပေးနေသည့် ဝန်ဆောင်ဖြည့်ဆည်းမှုများ မရှိမဖြစ်လိုအပ်ကြောင်းလည်း စာတမ်းတွင် အကြံပြုထားသည် ကို တွေ့ရသည်။
ဒေါက်တာ စိုင်းဦးက“လက်ရှိ အစိုးရအနေနဲ့ ဒေသအလိုက် ပြုပြင်ပြောင်းလဲမှုကို လေးလေးနက်နက် စဉ်းစားမှုမရှိဘဲ၊ နားလည်မှု မရှိဘဲနဲ့ လုပ်လို့ရှိရင် ပြောင်းလဲမှုက ထိရောက်မှု အားနည်းနိုင်မယ်”ဟု ပြောသည်။
ယခု စာတမ်းသည် မြန်မာနိုင်ငံရှိ တရားမဝင် အလွတ်သဘောရှိနေသော အုပ်ချုပ်ရေးယန္တရား၏ အခန်းကဏ္ဍကို နားလည် သဘောပေါက်လာစေမည့် အကြောင်းအရာ၊ သတင်း အချက်အလက်များကို ဖြည့်ဆည်းပေးရန်နှင့် ထိရောက် သော အစိုးရ တတိယအလွှာ တရပ် တည်ဆောက်ရေး အတွက် အဆိုပါ ယန္တရား၏ အလားအလာရှိသော အသုံးဝင်မှုကို သက်သေထူပြရန် ဖြစ်ကြောင်း စာတမ်းပြုစုသူများက ပြောဆိုထားသည်။